စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUG နဲ့ NUCC ပန်ကြား

Author CJ Platform
Categories
Published on Jul 05, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့က စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီအဖြစ် ဖွဲ့စည်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အတူတကွ ဆန့်ကျင်ဖို့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ မေတ္တာရပ်ခံ ပန်ကြားလွှာတစ်စောင် ပေးပို့လိုက်ပါတယ်။

 

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ ဆက်လက်တရားဝင်နေဆဲဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်တမ်းရှည်စေဖို့အတွက် အတုအယောင် ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြည်သူ့ဆန္ဒမပါဘဲ ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်ကာ ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားနေတာကြောင့် တော်လှန်ရေးသတိကြီးစွာနဲ့ ပူးပေါင်းပါဝင်တာ၊ အားပေးတာတွေ မပြုလုပ်ဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ရပ်တည်ဖို့ကို တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ ဟန်ပြ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကို အားမပေးဘဲ တော်လှန်ရေးနယ်မြေတွေမှာ ရွေးကောက်ပွဲ လုံးဝကျင်းပလို့ မရအောင် ဒေသခံတွေနဲ့အတူ တိုက်ဖျက်ဖို့အပြင် ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာ တရားဝင်ထုတ်ပြန်ကြေညာပေးဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အဓိက တိုက်တွန်းထားပါတယ်။

 

ဒီလိုဆောင်ရွက်မှုတွေအားလုံးဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ပေါက်လာရေးဆိုတဲ့ တော်လှန်ရေးရဲ့ ဘုံရည်မှန်းချက် အောင်မြင်တဲ့အထိ အားလုံး စုစည်းညီညွတ်စွာ ဆက်လက်ချီတက်ကြဖို့ ဆိုတဲ့ ရည်မှန်းချက်အပေါ် အခြေခံထားတယ်လို့လည်း NUG နဲ့ NUCC ပူးပေါင်းကော်မတီက ထုတ်ပြန်ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – NUG