LGBT ဖြစ်သည်ဟုဆိုကာ အလုပ်သမားတစ်ဦးကို ရွှေပလ္လင်ဆိုင်က အလုပ်ဖြုတ်ပစ်

Author ခေတ်နီ
Categories
Published on Dec 23, 2022

အစားအသောက် ဝန်ဆောင်မှုများပေးသည့် ရွှေပလ္လင်ဆိုင်တွင် အလုပ်သမားတစ်ဦးကို လိင်စိတ်ခံယူမှု မတူကွဲပြားသူ LGBT ဖြစ်သည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် အလုပ်မှ ဖိအားပေး ထုတ်ပယ်မှုရှိခဲ့ကြောင်း မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FGWM နှင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားထံ မှသိရသည်။

ရန်ကုန်မြို့ ရွှေပလ္လင်ရုံးချုပ်ဆိုင်တွင် အလုပ်လုပ်သည့် လုပ်သက် ၄ နှစ်ရှိ ဝန်ထမ်းတစ်ဦးကို လိင်စိတ်ခံယူမှု မတူကွဲပြားသူ LGBT တစ်ဦး ဖြစ်သည်ဟုဆိုကာ ပြီးခဲ့သည့် လပိုင်းအတွင်းမှာ အဆိုပါဆိုင်မှ အလုပ် ထုတ်ပယ်ခဲ့တာပဲ ဖြစ်သည်။

“ကျနော် အလုပ်စဝင်တော့ သူတို့ကLGBTဆိုတာ မသိဘူး အလုပ်စည်းကမ်းမှာလဲ LGBTဖြစ်ရင် အလုပ်ထုတ်မယ်ဆိုတာလဲ မပါဘူး အလုပ်ထဲရောက်ပြီး တစ်နှစ်ကျော်လောက်ကြ LGBTဆို ဝမ်တိန် (ခံဝန်လက်မှတ်) ထိုးခိုင်းတာတွေ သူတို့ကြည့်မရတဲ့သူဆို အလုပ်ဖြုတ်တာတွေ ကြားလာတယ် ဒီနှစ် ၆ လ ပိုင်းလောက်ကြတော့ သူတို့ HR မန်နေဂျာနဲ့ GMမန်နေဂျာတွေက ခေါပြီး အလုပ်ထွက်ခိုင်းတယ် နစ်နာကြေးတွေ မပေးချင်တော့၊ ကျနော့်ကို ထွက်စာတင်ပြီး အလုပ်ထွက်ခိုင်းတာပေါ့ သူတို့က ဘာပြောလဲဆိုတော့ မင်းကို အခြောက်မို့ အလုပ်ဆက်မခန့်နိုင်ဘူးဆိုပြီး ပြောတာပေါ့ အဲ့လိုခေါ်ပြောတာက တခြားသူတွေလဲ ရှိနေတော့ ကျနော်က ရှက်တယ်လေ သူတို့ကြားမကြားတော့ မသိဘူးပေါ့၊ အဲ့တာနဲ့ သူတို့က ၂ လစာပေးပြီး အလုပ်ထုတ်ခဲ့တယ်ပေါ့၊ အတော်ခက်ခဲခဲ့တယ် သူတို့အလုပ်ခွင်ထဲတင် မဟုတ်ဘူး အလုပ်ခွင်ပြင်ပထိပါ လိုက်ပြီး စွက်ဖက်တာ”ဟု အလုပ်ခံရသူ LGBTတစ်ဦးဖြစ်သူ ကိုသားသား (အမည်လွှဲ) မှပြောသည်။

ယခုလို အလုပ်ခွင်အတွင်း ခွဲခြားဆက်ခံပြီး ဖိအားပေး အလုပ်ထွက်ခိုင်းမှုသည် ကိုသားလေး တစ်ဦးတည်းသာမကဘဲ အဆိုပါလုပ်ငန်းအတွင်း ဝင်ရောက်လုပ်ကိုင်နေကြသည့် တခြားသော LGBT ဝန်ထမ်းတချို့ပါ ရှိခဲ့ရကြောင်း CJ Platformမှ စုံစမ်းသိရှိရသည်။

“ကျနော်က ၂၀၂၁ မှာ အလုပ်ထုတ်ခံရတာ အဲ့တုန်းက ကျနော့်မှာ တွဲနေတဲ့ LGBT ရည်းစားရှိတယ်၊ အဲ့တာနဲ့ ၆လလောက်ကြာတော့ သူငယ်ချင်းတွေရဲ့ စကားတွေက ပျံ့သွားတာကနေ မန်နေဂျာဆီ ရောက်သွားတယ် သူတို့က ရည်းစားကိုဖြတ်လိုက်ပါပေါ့ ၊ကျနော် အလုပ်ပြုတ်မှာ ကြောက်တာနဲ့ ဟုတ်ကဲ့ ပြောလိုက်တယ် တပတ်လောက်ကြာတော့ သာကေတဆိုင်ကနေ တောင်ဒဂုံဆိုင်အပို့ခံရတယ် မကြာပါဘူး သူတို့ဖက်က အလုပ်ထွက်ခိုင်းတာနဲ့ ထွက်လာလိုက်တယ်”ဟု ဖိအားပေးခံရ၍အလုပ်ထွက်ခဲ့ရသည့် LGBTတစ်ဦး ဖြစ်သူ ကိုနီနီ (အမည်လွှဲ)မှလည်း ပြောသည်။

ယခုလို အလုပ်ထုတ်မှုနှင့် ဖိအားပေး အလုပ်ထွက်စေမှုများနှင့် ပတ်သက်၍ ရွှေပလ္လင်ရုံးချုပ်ဆိုင်အား ဆယ်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ဘဲ၊ ကမာရွတ်မြို့နယ်ဆိုင်ခွဲထံ ဆက်သွယ် မေးမြန်းရာမှာတော့ ထိုကိစ္စများကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း ဟူ၍သာ အဆိုပါ ဆိုင်ခွဲတာဝန်ရှိသူမှ ဖြေကြားထားသည်။

ထို့အပြင့် ထိုကဲ့သို့ အလုပ်ခွင်အတွင်း LGBTများအနေဖြင့် ခွဲခြားဆက်ဆံခြင်း ခံရပြီး အလုပ်ထုတ်
ခံရမှုအပေါ် LGBTအရေး တက်ကြွလှုပ်ရှားသူတစ်ဦးမှလည်း ယခုကဲ့သို့ သုံးသပ်သည်။

“ဒီလိုခွဲခြားမှုတွေကတော့ ကျနော်တို့ အမြဲခံရတယ်ပေါ့ ဒီတော်လှန်ရေးကာလအတွင်းမှာလဲ တော်လှန်ရေးသမား အချင်းချင်း ခွဲခြားမှုတွေရှိတယ် ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ စာထုတ်တာတွေလောက်ပဲ လက်ရှိလုပ်လို့ရမယ် ဒီဆိုင်ကို Boycott ဖို့ပြောရင်တောင် ပြည်သူတွေက လုပ်မှာမဟုတ်ဘူးလေ ဒါတွေကိုတော့ ဒီ တော်လှန်ရေးကာလမှာရော တော်လှန်ရေးအလွန် ကာလမှာရော ဒီအခွင့်အရေးတွေ တိုက်ယူ သွားရမယ်ပေါ့လေ”ဟု ပြောသည်။

ထို့အပြင် အဆိုပါရွှေပလ္လင်ဆိုင်သည် အလုပ်သမားများကိုလည်း အိုတီ (အချိန်ပို) ကြေးမပေးပဲ အိုတီခေါ်ကာ အတင်းအဓမ္မခိုင်းစေမှုနှင့် အလုပ်သမားများအား ဆဲဆိုမှုများအပြင် တခြားသော လုပ်သားအခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေပြီး ထိုသို့ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများအား ဖော်ထုတ်ပေးခဲ့သည့် FGWM၏ Facebook Pageအားလဲ Report ထုကြရန် အလုပ်သမားများအား အစည်းအဝေးခေါ်ဆိုကာ ခိုင်းစေမှုများလည်း ရှိကြောင်း CJ Platform မှ စုံစမ်းသိရှိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #LGBT #ရွှေပလ္လင်