KIA ဌာနချုပ်ကို စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲနေ

Author ကိုထားဝယ်
Categories
Published on Nov 01, 2023

ယနေ့ နိုဝင်ဘာလ (၁) ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် KIA/KIO ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် နံနက်ပိုင်းကလည်း စစ်ကောင်စီ၏ ကျောက်မဲ ၅၀၂ တပ်စခန်းမှ လက်နက်ကြီးဖြင့် နောင်ပြစ်ကျေးရွာအနီးသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အုမ္မခါးနှင့် ဆမ်မဆယ်ကျေးရွာဘက်သို့ ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေး ၁၀၂၇ အဖြစ် သတင်းထုတ်ပြန်သည်။

ယမန်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဌာနချုပ်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ‌မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများသည် ယနေ့အထိ ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး ညီနောင်အဖွဲ့များဖြစ်သည့် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA, ရခိုင့်တပ်တော်AA တို့ ရှမ်းမြောက်တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ချေမှုန်းနိုင်နေသလို ကချင်ပြည်နယ်တွင်လည်း KIA၊ AA ပူးပေါင်းအဖွဲ့က တိုက်ပွဲများအောင်မြင်နေသည်။