ဗိုလ်ချုပ်ကို လိုက်ခိုးနေတယ်၊ သတိထား

အာဇာနည်နေ့ အခမ်းအနားသို့ မင်းအောင်လှိုင် အပြေးအလွှား တက်ရောက်ကာ လူထုမျက်နှာစာရှေ့ ဖားယားပြခဲ့တဲ့ ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေ နတ်မောက်မြို့နယ်အတွင်း စာသင်ကျောင်းနဲ့ ဘုရားစေတီတို့ကို စစ်တပ်က ဗုံးကြဲဖျက်ဆီးပစ်ခြင်းမှာ သာမန်တိုက်ဆိုင်မှုတော့ မဟုတ်ပေ။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ခဲ့ရာ ၂၀၂၁ ခုနှစ်ကစလို့ ၂၀၂၄ ခုနှစ်အထိ အာဇာနည်နေ့ဆိုတာကို ဘာမှန်းမသိခဲ့တဲ့ လူသတ်ဓားပြ မင်းအောင်လှိုင်တစ်ယောက် အခု ၂၀၂၅ ခုနှစ် အာဇာနည်နေ့ အခမ်းအနားကျမှ သွေးညှီနံ့နံနေတဲ့ စစ်ဝတ်စုံနဲ့ အာဇာနည်ဗိမာန်သို့ ကုပ်ချောင်းချောင်း ရောက်လာကာ လူလုံးထွက်ပြ။ သိပ်မကြာတော့တဲ့ ဒီဇင်ဘာမှာ တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်တော့မှာဆိုတော့ ကျွန်ုပ်တို့သည်လည်း အာဇာနည်ခေါင်းဆောင်ကြီးတို့ကို လေးစားကြည်ညိုပါကြောင်း အများပြည်သူရှေ့မှောက် ဟန်လုပ်ပြလိုက်ခြင်း ဖြစ်တယ်။
ပြောရရင် အာဇာနည်နေ့နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုချင်ယောင်ဆောင်ကာ သမ္မတကြီးလုပ်တော့မယ့် မင်းအောင်လှိုင် ရမလားလို့ နိုင်ငံရေးအမြတ်ထုတ် ဖြားယောင်းကြည့်ခြင်း ဖြစ်တယ်။ ဒါပေမဲ့၊ အာဏာသာ လွတ်လွတ်ကျွတ်ကျွတ် ရမယ်ဟေ့ဆို မယားနဲ့သားကိုလည်း သတ်ဖို့ဝန်မလေး၊ ပြည်သူ့အသက်သွေးတွေနဲ့သာ အသက်ဆက်နေရခြင်းလည်း ဖြစ်တာကြောင့် ဗုံးကြဲသတ်ဖြတ်ခြင်းကိုလည်း မရပ်နိုင်။ ဒါ့ကြောင့် အာဇာနည်နေ့ လူမြင်ကွင်းရှေ့ မင်းအောင်လှိုင် လူယောင်ဆောင်နေပေမဲ့ နောက်ကွယ်မှာတော့ နတ်မောက်ကို ဗုံးကြဲချ။ တွင်းဆုံးကျနေတဲ့ လူအန္ဓတို့ရဲ့ စိတ်ဓာတ်။
မင်းအောင်လှိုင်က အာဇာနည်နေ့ အခမ်းအနား တက်ရောက်ရုံတင်မက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်နေအိမ် (ဗိုလ်ချုပ်ပြတိုက်) ကိုလည်း သွားရောက်၊ ဗိုလ်ချုပ်စီးခဲ့တဲ့ကား ရေရှည်တည်တံ့အောင် ပြုပြင်ထိန်းသိမ်းရေး၊ ပြတိုက်ဝန်းကျင် သာယာလှပစေရေး။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့ အတွင်းဝန်ရုံးသို့လည်း သွားကာ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အထောက်အထားတွေကို သေချာထိန်းသိမ်းကြဖို့ လမ်းညွှန်ချက်တွေလည်း ပေးလိုက်သေး။ ပြီးတော့ ဘာမှမကြာ၊ ဇူလိုင် ၂၈ ရက်၊ သန်းခေါင်ကျော် နံနက် ၁ နာရီလောက်မှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗဈေးကြီးအနီး ပန်းခြံငယ်ထဲက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို စစ်တပ်က ဖယ်ရှားလိုက်ပြန်တယ်။
လူခြေတိတ်ချိန် ခိုးကြောင်ခိုးဝှက်နဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ဘာ့ကြောင့် ဖယ်ရှားပစ်ကြတာလဲ။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှားပစ်ဖို့ဆိုတာ မင်းအောင်လှိုင် မဟုတ်တောင် မင်းအောင်လှိုင်နားက တစ်ယောက်ယောက်ရဲ့ ညွှန်ကြားချက်မပါဘဲ မဖြစ်နိုင်။ အဲဒီဗိုလ်ချုပ်ကြေးရုပ်ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြည်သူ့လွှတ်တော်အမတ်ဘဝက တက်ရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တာကြောင့် ဦးရည်မွန်အပေါ် အငြိုးနဲ့ ဖျက်ဆီးပစ်တာများလား မပြောတတ်။ မင်းအောင်လှိုင်တို့ရဲ့ စိတ်အခံထဲမှာလည်း သူတို့မမွေးခင်ကတည်းက ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ်လည်း အငြိုးကြီးပါ့။ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ကိုဆိုရင်တော့ ကြီးမားလှတဲ့ အငြိုးက မိုးအဆုံးမြေအဆုံး ကြောက်မက်ဖွယ်ဆိုတော့…။
အငြိုးတွေက သိပ်ကြီးလွန်းနေတော့ ဩဂုတ် ၇ ရက်၊ ည ၁၁ နာရီလောက်မှာ ပဲခူးမြို့ကို လျှပ်စစ်မီးတွေ အကုန်ဖြတ်ပြီး သူခိုးကျင့်သူခိုးကြံ၊ စစ်ကော်မရှင် တိုင်းအစိုးရရုံးရှေ့က ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကိုလည်း ဖြိုချဖျက်ဆီးပစ်ပြန်တယ်။ ပဲခူးမြို့လယ်၊ ရွှေမော်ဓောဘုရားလမ်းနဲ့ တောင်ငူလမ်းထောင့်မှာ တည်ရှိတဲ့ အထင်ကရ မြင်းစီးရုပ်တု။ ပြီးခဲ့တဲ့ အာဇာနည်နေ့ကပဲ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ လမ်းစဉ်အတိုင်း မြန်မာကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားသွားမယ့်အကြောင်း မင်းအောင်လှိုင် လူစကားပြောပြီး ဘာမှမကြာ ခွေးဇာတ်ခင်းတဲ့သဘော။ ဩဂုတ် ၄ ရက်က ပဲခူးမြို့ကို မင်းအောင်လှိုင် လာသွားသေးတယ်လို့ ဒေသခံတစ်ဦးက ပြောကြောင်း DVB သတင်းရဲ့ ဖော်ပြချက်အရ မင်းအောင်လှိုင် ညွှန်ကြားချက်အရ ကြေးရုပ်ဖြိုချလိုက်တဲ့ပုံ။ လူအများ ဖြတ်သန်းသွားလာနေတဲ့ အထင်ကရနေရာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ရှိနေခြင်းကို မရှုစိမ့်တဲ့သဘောလည်း ဖြစ်နိုင်။
ဘာ့ကြောင့် သက်မဲ့ရုပ်တုကိုတောင် လက်မခံနိုင် ဖြစ်နေရပါသလဲ။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် နိုင်ငံရေးမနာလိုစိတ် ကြီးကာ မုန်းတီးခြင်းနဲ့ ကြောက်ရွံ့ခြင်းက မင်းအောင်လှိုင် ရင်ခေါင်းထဲ တောက်လောင်နေတာကြောင့်ပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းအပေါ် မနာလိုစိတ်ကြီးခြင်းနဲ့ ကြောက်ရွံ့ခြင်းမှာ စစ်အာဏာရှင် အကြီး၊ အသေး အဆက်ဆက်၊ မြန်မာ့ပထမ စစ်အာဏာရှင် နေဝင်းကစလို့။ ဒါပေမဲ့၊ နေဝင်းဆိုတာ နေဝင်းမတိုင်မီ သခင်ရှုမောင်ဘဝတုန်းက နိုင်ငံရေးယောင်ယောင်၊ တို့ဗမာအစည်းအရုံးဝင် သခင်ယောင်ယောင် လုပ်ခဲ့ဖူးသေးတာကြောင့် နိုင်ငံရေးအသိအမြင်တချို့ ရှိသလို နိုင်ငံရေးပါးနပ်မှုလည်း ရှိတယ်။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဖြတ်သန်းခဲ့မှု အတွေ့အကြုံတွေအရ ဗိုလ်ချုပ်အပေါ် အထင်ကြီးမှုလည်း ရှိ၊ ဗိုလ်ချုပ်အပေါ် ကြောက်ရွံ့မှုလည်း ရှိ၊ ဗိုလ်ချုပ်လို မဖြစ်တဲ့အပေါ် မနာလိုစိတ်လည်း ကြီးတဲ့သူ။
နေဝင်း စစ်အာဏာရှင်ဖြစ်လာတော့ အဲဒီစိတ်အစုစုရဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် လူထုရဲ့ ကြည်ညိုမှုတွေကို ရန်မလုပ်ဘဲ မသိချင်ယောင်ဆောင်ခဲ့သလို ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး အလေးအနက်ပြုမှုမျိုး မရှိအောင်လည်း ရှောင်ခဲ့တယ်။ ပြောရရင် ဗိုလ်ချုပ်ကို ရန်လုပ်လို့လည်း သူ့အတွက် နိုင်ငံရေးအကျိုးအမြတ် ဘာမှမရှိဘဲ အရှုံးသာ ရှိမယ်ဆိုတာ နေဝင်း ကောင်းကောင်း သိခဲ့ပုံပါ။
ဒုတိယအာဏာရှင် မျက်နှာမဲ သန်းရွှေကျတော့ စစ်သားဘဝ ဖြတ်သန်းမှုသာရှိတာကြောင့် နိုင်ငံရေးသမားများကို အထင်ကြီးလေးစားစိတ်ဆိုတာ လုံးဝမရှိ။ စစ်အာဏာရှင်တို့ရဲ့ ကျပ်မပြည့်မှုအတိုင်း ဟိုဘုရင် ဒီဘုရင် ဝင်စားသူတစ်ဦးလို့ ထင်ယောင်ထင်မှားလည်း ဖြစ်ခဲ့တာကြောင့် ဤလောကတစ်ခွင် ငါသည်သာ အတော်ဆုံးအတတ်ဆုံး။ အဲဒီလို စိတ်ကြီးဝင်မှုကို ပဲ့ပြင်ပေးမယ့် နိုင်ငံရေးအသိအမြင်လည်း မရှိတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း အထင်ကြီးလေးစားဖို့ဆိုတာ အဝေးကြီး။ အဲဒီလို စိတ်အခံဆိုးကြီးကို မီးလောင်ရာ လေပင့်ပေးလိုက်တာက ဗိုလ်ချုပ်ရဲ့မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ လေးစားကြည်ညိုကြတဲ့ လူထုခေါင်းဆောင်ဖြစ်လာရုံတင်မက ကမ္ဘာ့အဆင့် နိုင်ငံရေးခေါင်းဆောင် ဖြစ်လာခြင်းပါပဲ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုက စစ်အာဏာရှင်တို့ရဲ့ မတရားအာဏာကို ထာဝစဉ် ခြိမ်းခြောက်ခံနေရခြင်းကလည်း အဖေကိုရော သမီးကိုပါ အမုန်းကြီး မုန်းတီးဖို့ရာ ဖြစ်ခဲ့တယ်။
အဲဒါကြောင့်လည်း မျက်နှာမဲသန်းရွှေလက်ထက်မှာ အစိုးရဌာနဆိုင်ရာ မျက်နှာစာထက် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတွေ ဖြုတ်သိမ်း။ ဗိုလ်ချုပ်ဓာတ်ပုံပါ ငွေစက္ကူမှာ အကောင်ဗလောင်တွေ အစားထိုး။ အာဇာနည်နေ့ အခမ်းအနားတွေကိုလည်း (မကောင်းတတ်လို့) ပြီးစလွယ် အဖြစ် ကျင်းပခြင်းမျိုးကို အမုန်းဓာတ်ခံကြီးကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်။
ဒါပေမဲ့၊ စစ်အာဏာရှင်တွေဟာ သူတို့အတွက် လိုအပ်လာရင် ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကို အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်ဖို့ရာလည်း ဝန်မလေးကြပါဘူး။ ဥပမာ- ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၉ ရက်၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သမ္မတအိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ထုတ်ပြန်လိုက်တဲ့ မှတ်တမ်းဓာတ်ပုံကို ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံရှေ့ ရိုက်ထားခြင်းက သူ့အပေါ် လူထုထောက်ခံမှု တက်လာအောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်။ ဆိုတော့ အခု မင်းအောင်လှိုင် အာဇာနည်နေ့ အခမ်းအနားတက်ရောက်ကာ နိုင်ငံရေးအမြတ်ထုတ်ခြင်းဆိုတာ သိန်းစိန်လုပ်ခဲ့ပြီးသား နိုင်ငံရေးအကွက်အကွင်းကို ရမလားလို့ ပြန်နင်းကြည့်ခြင်းသာ။
ဒါပေမဲ့၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလိုစိတ်ကြီးခြင်းနဲ့ အမုန်းမီးတောက်လောင်မှုကို မထိန်းနိုင်လေတော့ ညဘက် လူခြေတိတ်ချိန် ဗိုလ်ချုပ်အောင်ဆန်းကို မင်းအောင်လှိုင် လိုက်ခိုးနေရပြန်တယ်။ မြန်မာ့တတိယ စစ်အာဏာရှင်ဖြစ်ဖို့ရာ အိပ်မက်ဆိုးတွေနဲ့ ရုန်းကန်နေရရှာတဲ့ မင်းအောင်လှိုင်ဟာ ထိုင်ခုံမြဲခဲ့တဲ့ စစ်အာဏာရှင်တွေထက် ဓားပိုထက်သလောက် အရှက်မဲ့ခြင်းကလည်း ကမ်းကုန်နေလေတော့ ခိုးဆိုးလုယက်ခြင်းတွေကိုပါ မျက်နှာပြောင်တိုက် အမှားပေါ် အမှားတွေ အဆင့်ဆင့်။
စစ်အာဏာရှင်အဆက်ဆက် ဗိုလ်ချုပ်အောင်ဆန်းကို ဘာ့ကြောင့် ကြောက်ကြသလဲဆိုတော့ ဗိုလ်ချုပ်က သိပ်မှန်နေပြီး သူတို့က အမြဲတမ်း မှားနေတာကြောင့်ပါပဲ။