မိုင်းပေါက်မြို့ ရေကြီးမှုအတွင်း “ဝ” ပြည်နယ် ရဲအရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့

Author CJ Platform
Categories
Published on Jul 23, 2025

ရှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် မိုင်းပေါက်မြို့မှာ မိုးရွာသွန်းမှုနဲ့ တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး “ဝ” ပြည်နယ် ရဲအရာရှိတစ်ဦးအပါအဝင် ဒေသခံအချို့ သေဆုံးခဲ့တယ်လို့ “ဝ” ပြည်နယ် တရားစီရင်ရေးကော်မတီ ရဲဌာနက မနေ့ ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“ဝ” ပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာရှိတဲ့ မိုင်းပေါက်မြို့ ရေကြီးမှု ဖြစ်ပွားချိန် Hongwi No.1 အိမ်ရာ ကားလမ်းမနံဘေး အိမ်စီးကားငယ်အတွင်း ပိတ်မိနေသူတွေကို ရဲအရာရှိ ချင်ဟွာ (Qin Hua) က သွားရောက်ကယ်ဆယ်ချိန် ရေစီးနဲ့မျောပါ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

“ဟုတ်တယ်။ WSP က ထုတ်ပြန်ချက်အတိုင်းပါပဲ။ အခုကတော့ ရေကျသွားပါပြီ။ တောင်ကျရေသဘောမျိုး” လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက CJ Platform ကို ပြောပါတယ်။

အိမ်စီးကားငယ်ထဲ ပိတ်မိနေသူတွေကို ရဲအရာရှိက ကယ်ဆယ်ဖို့ ကြိုးစားနေချိန် ရေကြီးမှုပိုမိုဆိုးရွားလာပြီး ရဲအရာရှိနဲ့အတူ ကားငယ်အတွင်း ပိတ်မိနေသူတွေပါ ရေစီးနဲ့အတူမျောပါသွားတာဖြစ်တယ်လို့လည်း WSP က ဖော်ပြထားပါတယ်။

ရဲအရာရှိနဲ့ အခြားသူနှစ်ဦးကို ပြန်လည်ရှာဖွေတွေ့ရှိထားပေမဲ့ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

မိုင်းပေါက်မြို့နယ်အတွင်း ရေကြီးမှုကြောင့် နေအိမ်၊ ကား၊ ဆိုင်ကယ်တွေ ရေထဲမျောပါမှု ဖြစ်ပွားခဲ့သလို တောင်ပြို၊ မြေပြိုမှုတွေကြောင့် လမ်း၊ တံတား၊ လယ်ယာစိုက်ခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ “ဝ” ဒေသတွင်း သတင်းဌာန Wa News Land ကလည်း ဖော်ပြထားပါတယ်။

UWSA ထိန်းချုပ်နယ်မြေအတွင်း အခု ဇူလိုင် ၁၅ ရက်နေ့ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ဝမ်ဟုန်၊ မိုင်းယွန်း၊ ဟွေအော် ဒေသတွေဘက်မှာ ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – WSP, Wa News Land

ပုံစာ – မိုင်းပေါက်မြို့ ရေကြီးမှုအတွင်း သေဆုံးခဲ့တဲ့ ရဲအရာရှိ ချင်ဟွာနဲ့ မြို့အတွင်း ရေကြီးမှုအခြေအနေ။