GZ special Task forceမှ ရဲဘော် ၇ ဦးကို ရွှေဘိုခရိုင်တပ်ရင်း ၂ က ဖမ်းခိုင်းသည်ဟု ဆိုကာ တိုက်နယ် ပကဖ မှ ဖမ်းဆီးသွား

Author ခေတ်နီ
Categories
Published on Feb 18, 2023

 

ဝက်လက်မြို့နယ် အတွင်း အခြေစိုက်သည့် GZ special Task force -Wetletမှ ရဲဘော် ၇ ဦးနှင့် အရပ်သား ၇ဦးကို ရွှေဘိုခရိုင်တပ်ရင်း ၂ က ဖမ်းဆီးခိုင်းသည်ဟု ဆိုကာ တိုက်နယ် ပကဖ မှ ဖမ်းဆီးသွားကြောင်း special Task force -Wetlet တပ်ဖွဲ့ တာဝန်ခံထံမှ သိရသည်။

GZ special Task force မှ ရဲဘော် ၇ ဦးသည့် တာဝန်ဖြင့် ခရီးထွက်နေစဥ် ကျေးရွာတစ်ရွာ အရောက် NUG လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း ၂ မှ ဖမ်းဆီးခိုင်းသည်ဟု ဆိုကာ ပင်းစင်းတိုက်နယ် ပကဖ တာဝန်ရှိသူတစ်ဦးမှ ဦးဆောင်ပြီး တားဆီးကာ ယနေ့ မနက်ပိုင်းမှာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်သည်။

လက်ရှိမှာတော့ အဆိုပါ ရဲဘော်များကို ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ဝက်လက် -ပလဖ)ရုံးကို ဖမ်းဆီးသွားကြောင်းနှင့် ရဲဘော်များ၏ လက်ရှိအခြေအနေနှင့် ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း special Task force -Wetlet တာဝန်ခံက ဆိုသည်။

“ကျနော့် ရဲဘော်တွေက သွားစရာရှိတဲ့ နေရာကို သွားတာဗျ၊ ရွာတစ်ရွာမှာရှိနေတုန်း တပ်ရင်း ၂ က ဖမ်းခိုင်းလို့ဆိုပြီး တားထားတာပေါ့ ပြီးတော့ ပလဖရုံးကို ခေါ်သွားတယ် စစ်ဆေးစရာ ရှိတယ်ဆိုပြီး ဒီဒေသမှာက သူတို့နဲ့ စစ်ရေးရော နိုင်ငံရေးအရရော ပွတ်တိုက်မှု မဖြစ်ခဲ့ဖူးဘူး၊ အရင်ကလဲ ဖမ်းဆီးတာမျိုး ဖြစ်ဖူးတယ်၊ အခု ဖမ်းခံရတဲ့သူတွေထဲ အရပ်သားပါတယ် ကျနော်တို့ရဲဘော်တွေနဲ့ သွားရင်းဖမ်းခံရတာဆိုတော့ ကျနော်တို့ပဲ တာဝန်ခံမှာပါ”ဟု GZ special Task forceမှ တာဝန်ခံ ကိုGZက CJ Platform သို့ ပြောသည်။

ယခုလို ဖမ်းဆီးခဲ့မှုအတွင်း special Task force -Wetlet မှ ရဲဘော် ၇ ဦးအပါအဝင် အရပ်သား ၇ ဦးလည်း ပါဝင်နေပြီး ဖမ်းဆီးခဲ့သည့် အကြောင်းအရင်းကို သိရှိနိုင်ရန် ရွှေဘိုခရိုင်တပ်ရင်း ၂ ဒုတပ်ရင်းမှူးထံ GZ special Task forceမှ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် မသိရှိသေးကြောင်းသာ အကြောင်းပြန်ခဲ့ကြောင်းကိုလည်း သိရသည်။

ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ရွှေဘိုခရိုင် တပ်ရင်း ၂ ထံ CJ Platformမှ ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ ဖမ်းဆီးမှုကို တိုက်နယ် ပကဖ ကသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြီးပါက မီဒီယာများနှင့် ရှင်းလင်းမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးမှုသည် ယမန်နေ့တွင် ဖြစ်ပွားခဲ့သည့် ပလဖ ရဲဘော်တစ်ဦး ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်းသာ အကြောင်းပြန် ပြောဆိုထားသည်။

” ဒီကိစ္စက ကျနော်လဲ ရဲဘော်ဆိုတော့ အကုန်တော့ မသိရဘူး ၊သိရရင်တော့ သူတို့မီဒီယာကနေ ပြန်ရှင်းမယ်တော့ ပြောတယ်၊ မနေ့ကလဲ ပလဖ ရဲဘော်တယောက် ပစ်ခတ်ခံရတယ် အဲ့ဒါကြောင့် စစ်ဆေးမေးမြန်းဖို့ ဖမ်းတယ်ပြောတယ်ဗျ ပြီးကြရင်တော့ သူတို့မီဒီယာမှာ ရှင်းမယ်ပြောတယ်ဗျ ရှင်းမယ်လို့လဲ မျှော်လင့်ပါတယ်”ဟု ဆိုထားသည်။

အဆိုပါ ဒေသအတွင်းမှာ special Task force -Wetlet တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးခံရစဥ်ကလည်း တစ်လနီးပါးကြာမြင့်ခဲ့ပြီး ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး သေချာသည့် ဖြေရှင်းညှိနှိုင်းမှုများလည်း ယခုထက်ထိ မရှိသေးကြောင်း သိရသည်။

“အရင်က ၉ ယောက် အဖမ်းခံရတယ် အဲ့တုန်းက ကျနော် ခရီးထွက်နေတုန်း ဖမ်းခံရတာပေါ့ ကျနော့်ကိုလည်း အကြောင်းမကြားခဲ့ဖူးဘူး၊ အဲ့တုန်းကတော့ နီးစပ်ရာ ကျေးရွာပကဖနဲ့ ပြဿနာတက်မှာ စိုးတယ်ဆိုပြီး ပြောတယ်ပေါ့ တစ်လနီးပါးလောက် ကြာခဲ့တယ် ကျနော်တို့က သွားပြန်ခေါ်ခဲ့ရတယ် ရဲဘော်တွေကို၊ အခုထက်ထိတော့ ညှိနှိုင်းပေးခြင်းတော့ မရှိဘူး”ဟု ကိုGZမှ ဆက်လက်ပြောကြားသည်။

ယင်း အခြေအနေများနှင့် ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ထံ ဆက်သွယ် မေးမြန်းထားသော်လည်း ယခု သတင်းရေးသားချိန်အထိ ပြန်လည် အကြောင်းပြန်ထားခြင်းတော့ မရှိသေးပါဘူး။

ထို့အတူ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းကလည်း ဝက်လက်မြို့နယ်အတွင်း အခြေစိုက်သည့် ဗိုလ်ကျားကြီး ဦးဆောင်သည့် ဒေသကာကွယ်ရေးအဖွဲ့ကို NUGလက်အောက်ခံ ဝက်လက်မြို့နယ် ပကဖ မှ သွားရောက်ဖမ်းဆီးရာမှ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ဗိုလ်ကျားကြီးအဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့မှုလည်း ရှိခဲ့သည်။

ပုံစာညွှန်း – GZ special Task force -Wetlet တပ်ဖွဲ့ဝင်များအား မြင်ရပုံ ပုံအဟောင်း
#CjPlatform #ဝက်လက်မြို့နယ် #GZspecialTask force -Wetlet #ပကဖ