TNLA ထိန်းချုပ်ဒေသ သီပေါမြို့ကို စစ်ကောင်စီ နှစ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်

Author CJ Platform
Categories
Published on Jul 21, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ရပ်ကွက်နှစ်ခုနဲ့ တပ်စခန်းဟောင်းတစ်ခုကို စစ်ကောင်စီက နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

သီပေါမြို့ ဇာတ်စုရပ်ကွက်နဲ့ ရွှေကျောင်းရပ်ကွက်တို့ကို စစ်ကောင်စီက ဇူလိုင် ၁၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမှတ် ၁ အခြေခံမူလတန်းကျောင်း စာသင်ကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

မနေ့ ဇူလိုင် ၂၀ ရက် ည ၁၀ နာရီခွဲဝန်းကျင်ကလည်း စစ်ကောင်စီတပ်စခန်းဟောင်းတစ်ခုဖြစ်တဲ့ သီပေါမြို့ထဲက အမှတ် ၂၃ ခြေလျင်တပ်ရင်း (ခလရ) ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံးတစ်လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

 

သီပေါမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆောက်အအုံ ထိခိုက်ဖြစ်စဉ်မှုအခြေအနေနဲ့ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

အခုလ ဇူလိုင် ၄ ရက်ညပိုင်းကလည်း စစ်ကောင်စီက သီပေါမြို့ကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံ၊ စည်ပင်အဆောက်အအုံနဲ့ နေအိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့သလို ဇူလိုင် ၁၄ ရက်ကလည်း တောင်မြို့ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

စစ်ကောင်စီက နောင်ချိုမြို့ကို အပြင်းအထန် ထိုးစစ်ဆင်သိမ်းယူချိန်ကလည်း နောင်ချိုမြို့နဲ့ အနီးဝန်းကျင် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုင်းငေါ့တို့ကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – TNLA