ကမ္ဘောဇဘဏ်က ထုတ်ပေးတဲ့ ငွေစက္ကူပါကင်ထဲ ငွေအတုတွေ ပါဝင်လာလို့ ဝေဖန်မှုမြင့်တက်ခဲ့  

Author CJ Platform
Categories
Published on Jul 31, 2025

ကမ္ဘောဇဘဏ်ရဲ့ မြောက်ဒဂုံဘဏ်ခွဲက ငွေလာရောက် ထုတ်ယူသူ အမျိုးသမီးတစ်ဦးကို ငွေထုတ်ပေးရာမှာ ငွေစက္ကူပါကင်ထုပ်ထဲ ငွေအတုတွေပါ ရောနှောပါဝင်ခဲ့တာကြောင့် ဘဏ်အပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

 

ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဟာ ဇူလိုင် ၃၀ရက်နေ့က ကမ္ဘောဇဘဏ် မြောက်ဒဂုံဘဏ်ခွဲမှာ ငွေကျပ် သိန်း ၁၂၀ကို ထုတ်ယူပြီးနောက် ရိုးမဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုမှာ ကျပ်သိန်း ၆၀ကို ငွေလွှဲဖို့ သွားရောက် ပေးသွင်းချိန်မှာ ကမ္ဘောဇဘဏ်က ထုတ်ယူလာတဲ့ ငွေစက္ကူပါကင်အထုပ်ထဲမှာ ငွေစက္ကူအတုတွေ ပါဝင်လာတာကို တွေ့ရှိရတာပဲ ဖြစ်ပါတယ်။

 

“ကိုယ်တွေကပဲ အတုလာသွင်းနေသလို ပုံစံမျိုး ဆက်ဆံခံရတာပါ။ အဲဒါအခုလေးတင် KBZ ကထုတ်လာကြောင်း ရှင်းပြပြီး ငွေကို KBZ မှာပြန်သွားလဲမယ်လို့ ပြောတာတောင် သူတို့က အဲ့ငွေတစ်ရွက်ကို ပြန်မပေးပါဘူး။ တုံးထုမှ ပြန်ပေးမယ်ဆိုလို့ တုံးထုပြီး ပြန်ယူလာပါတယ်”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက သူ့ရဲ့ လူမှုကွန်ရက်မှာ ကနဦး ရေးသားခဲ့ပါတယ်။

 

ငွေစက္ကူလက်ခံရရှိခဲ့တဲ့ အမျိုးသမီးဟာ ကမ္ဘောဇဘဏ်ကို သွားရောက်ပြီး ပြန်လည်ဖြေရှင်းရာမှာတော့ ဝန်ထမ်းအသစ်က မသိရှိလို့ မှားယွင်းပေးမိတာလို့ဖြေရှင်းပြီး ငွေစက္ကူအစစ်နဲ့ ပြန်လဲပေးခဲ့တယ်လို့ သိရပါတယ်။

 

ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲပေါင်း ၅၀၀ ကျော်ဖွင့်ထားတဲ့ ဘဏ်ကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သုံးစွဲသူများပြားတဲ့ ဘဏ်တစ်ခုပဲ ဖြစ်ပါတယ်။

 

ပုဂ္ဂလိကဘဏ်တွေမှာ ငွေပေးသွင်းချိန် ငွေစက္ကူအတုပါလာပါက အတုဖြစ်ကြောင်း သက်သေခံတုံးထုပြီးမှ ပြန်ပေးတာမျိုးရှိသလို ပြန်မပေးဘဲ ယူဆောင်ထားတာမျိုးတွေလည်း ရှိတယ်လို့ ပုဂ္ဂလိကဘဏ် အသုံးပြုသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

အခုလို ဘဏ်တွေကနေ ငွေစက္ကူအတုတွေ ပါလာတာကို မသိပဲယူဆောင်လာခဲ့သူတွေရှိပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ကမ္ဘောဇဘဏ်က ထုတ်ယူခဲ့သည့် ငွေစက္ကူပါကင်ထုပ်အတွင်း ပါဝင်လာခဲ့သည့် ငွေစက္ကအတု