Facebook တွင် ဝန်ဆောင်မှုလုပ်ငန်းများဟု အယောင်ပြကာ Application များမှတဆင့် ဘဏ်အကောင့် ခိုးယူမှုများ ပိုမိုများပြားလာ

Author စကားဝါ
Categories
Published on Aug 04, 2023

Facebook တွင် နေအိမ်သန့်ရှင်းရေး ဝန်ဆောင်၊ အစားအသောက်ဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှုစသည့် လုပ်ငန်းများအား အကြောင်းပြကာ Application များမှတဆင့် ဘဏ်အကောင့်များအား ခိုးယူခြင်း၊ ငွေကြေးလိမ်လည်ခြင်းများ ပိုမိုများပြားလာလျှက်ရှိကြောင်း ဘဏ်အကောင့်ခိုးယူခံရသူများထံမှ သိရသည်။

ဝန်ဆောင်မှု လုပ်ငန်းများအဖြစ် Facebook Page များဖွင့်လှစ်ကာ Facebook သုံးစွဲသူများ ပိုမိုစိတ်ဝင်စားစေရန် Boost များလုပ်ဆောင်ပြီးနောက် ဝန်ဆောင်မှုလုပ်ငန်းများအား လုပ်ငန်းအပ်နှံလိုပါက ၎င်းတို့၏ Application များအသုံးပြု၍ ဝန်ဆောင်မှုများ အပ်နှံပါက Discount ပေးမည်ဟုဆိုကာ Application အား အသုံးပြုစေပြီးနောက် ဘဏ်အကောင့်များအား ခိုးယူခြင်းဖြစ်ကြောင်း သိရသည်။

“ရေသန့်ပို့ဆောင်ရေး ဝန်ဆောင်မှုဆိုပြီးတော့ ကြော်ငြာတယ်၊ ဒီအတိုင်းသူတို့ဆီက မှာယူတာထက် သူတို့ရဲ့ Application ကနေတဆင့် မှာယူမယ်ဆိုရင် Discount ပေးမယ်လို့ ပြောတော့ Discountရအောင်ဆိုပြီးတော့ သူတို့ Application ကိုသုံးလိုက်မိရော၊ နောက်ရက်ကျတော့ ဘဏ်အကောင့်ကို သုံးမလို့ ဖွင့်လိုက်တော့ SMS Code တောင်းတာနဲ့ ရိုက်ထည့်ပေးလိုက်တာ ပိုက်ဆံအကုန်ပါသွားတယ်၊ ဒါ့အပြင် ကျနော့်ဘဏ်အကောင့်နဲ့ပါ ငွေတွေပတ်လိမ်ထားလို့ အခု အမှုဖြစ်နေတယ်”ဟု ရန်ကုန်မြို့ လသာမြို့နယ်နေ ဘဏ်အကောင့်ခိုးယူခံရသူ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဘဏ်အကောင့် ခိုးယူခံရသူများသည် ရဲတပ်ဖွဲ့ထံသို့ အမှုသွားရောက်ဖွင့်လှစ်ရာတွင် Application များမှတဆင့် လက်ကိုင်ဖုန်းများအား ထိန်းချုပ်ကာ ဘဏ်အကောင့်ခိုးယူသည့် ဖြစ်စဉ်များကြောင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည့် အမှုများစွာ ရှိနေကြောင်း ထပ်မံသိရှိရသည်။

“ကျနော့်လို ခိုးခံရတဲ့သူတွေ အရမ်းများ၊ သူတို့က ဘဏ်အကောင့်တစ်ခု ခိုးပြီးသွားရင် အဲ့ဘဏ်အကောင့်နဲ့ တခြားသူတွေကိုပါ ဆက်ပြီးတော့ လိမ်တာ၊ သူတို့ရဲ့ ဘဏ်အကောင့် အစစ်ကို မသုံးဘူး၊ ပိုက်ဆံထုတ်သွားတဲ့ နေရာတွေက CCTVတွေကနေတဆင့် လိုက်စုံစမ်းဖို့ ရဲကို အကူညီတောင်းတော့လည်း ရဲတွေက PDFတွေကို ငွေလှူတာမဟုတ်လို့ စိတ်မဝင်စားဘူး”ဟု အဆိုပါ အမျိုးသားမှ ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းယူပြီးချိန်မှ စတင်ကာ ဘဏ်အကောင့်များအား အကြောင်းပြချက်မဲ့ ပိတ်ပင်ခြင်းများ ဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် ပြည်သူများအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအပေါ် ယုံကြည်မှုများ ကျဆင်းလာနေလျှက်ရှိနေသည်။

ပုံစာညွှန်း- ဘဏ်အကောင့်ခိုးယူသည်ဟု စွပ်စွဲခံထားရသည့် Facebook Page များအား မြင်ရပုံ