ဘောလခဲ၊ ဖားဆောင်းတိုက်ပွဲအတွင်း KNDF ရဲဘော် ၂ဦး ကျဆုံးခဲ့ကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရ

Author CJ Platform
Categories
Published on Jul 15, 2025

ကရင်နီပြည်နယ် ဘောလခဲမြို့နဲ့ ဖားဆောင်းမြို့ စစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ရဲဘော်၂ဦး ကျဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က မနေ့ ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ဖားဆောင်းမြို့ စစ်ကောင်စီဗျူဟာစခန်းတွေကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က ထိုးစစ်ဆင် တိုက်ခိုက်နေချိန် စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDF ရဲဘော် စောဆာဘွယ် (ခ) ခူးထျိုးရယ် တိုက်ပွဲအတွင်း ကျဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘောလခဲမြို့ စစ်ကောင်စီဗျူဟာစခန်း၊ ကာကင်းစခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KNDF တပ်ရင်း ၁၅ သတင်းပြန်ကြားရေးတာဝန်ခံ၊ နိုင်ငံရေးနဲ့ စည်းရုံးရေးမှူး ရဲဘော် ခွန်းဟဲဒီလင်း (ခ) ဂျေဆန် လည်း ပြီးခဲ့တဲ့ မတ် ၂၀ ရက်မှာ ကျဆုံးခဲ့ရပါတယ်။

 

ဘောလခဲ-ဖားဆောင်း စစ်ဆင်ရေး လေးလအတွင်း KNDF တပ်ရင်း ၁၅ က ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးအထိရှိခဲ့တယ်လို့လည်း KNDF တပ်ရင်း ၁၅ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

လွိုင်ကော်-မော်ချီး ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ ဘောလခဲဗျူဟာကုန်းစခန်း၊ ကာကင်းစခန်းနဲ့ ဝန်မလမ်း တပ်စခန်းတွေကို KNDF ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းယူမှုတွေရှိနေပြီး ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၁၃၄ ခြေလျင်တပ်ရင်းစခန်းနဲ့ အမှတ် ၁၃၅ ခြေလျင်တပ်ရင်းစခန်းတို့ကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

 

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ဖားဆောင်းမြို့ ခလရ ၁၃၄ တပ်စခန်းကို ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က သိမ်းယူနိုင်ခဲ့သလို ဇူလိုင် ၂ ရက်ကလည်း ဖားဆောင်းမြို့ကို ဗုံးလာကြဲတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဉ် FTC 2000G ကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) က အခု ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

 

ဓာတ်ပုံ – KNDF တပ်ရင်း ၁၅