ချင်းလက်နက်ကိုင်အချင်းချင်းကြား အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးဖို့ ချင်းညီနောင် တိုက်တွန်း

Author CJ Platform
Categories
Published on Jul 04, 2025

ချင်းပြည်၊ ဖလမ်းမြို့နယ်အတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုများအထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ ဇူလိုင် ၄ ရက်နေ့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ချင်းညီနောင်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ CDF-Hualngoram တို့အကြား လက်ရှိ ဖြစ်ပွားနေတဲ့ အပြန်အလှန် ပဋိပက္ခတွေကို ချင်းညီနောင်အနေနဲ့ ပါဝင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

 

ဒါ့အပြင် လက်ရှိပဋိပက္ခတွေကို အခြားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးအရ မပါဝင်ဖို့ တိုက်တွန်းထားပြီး စစ်ရေးအကူအညီပါဝင်လာပါက ပိုမိုဆိုးရွားတဲ့အခြေအနေကို ဦးတည်လာနိုင်မယ်လို့ အသိပေးထားပါတယ်။

 

CDF-Hualngoram နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ကြား ဖြစ်ပွားနေတဲ့ ပြဿနာကို ငြိမ်းချမ်းရေးနည်းလမ်းအစား စစ်ရေးအရ ပါဝင်လာပါက ချင်းညီနောင်အနေနဲ့ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CNO/CNDF နဲ့အတူ မားမားမတ်မတ် ရပ်တည်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

ချင်းပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအများအပြား ရှိနေပြီး ၎င်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ စုစည်းပြီး ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင် (CB) တို့အဖြစ် စစ်ကောင်စီကို ဘုံရန်သူအဖြစ် တော်လှန်နေကြတာဖြစ်ပါတယ်။

 

ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်ရင်း ခလရ (၂၆၈) ကို ချင်းညီနောင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ချင်းညီနောင်က ကြေညာထားပါတယ်။

 

ဓာတ်ပုံ – ချင်းညီနောင်