Burma Act ဥပဒေသည် အချုပ်အခြာအာဏာကို ထိပါးပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဟု စစ်ကောင်စီ ကြောက်လန့်တကြား ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 27, 2022

 

Burma Act ဥပဒေသည် အချုပ်အခြာအာဏာကို ထိပါးပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၂၇ရက်) တွင် တုန့်ပြန်ထားသည်။

Burma Act of 2022 ဥပဒေတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောက်ယှက်ခြင်း၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ခြင်းနှင့် NUG, NUCC, CRPH နှင့် PDF များကို ကူညီထောက်ပံ့မှုများသည် အကြမ်းဖက်မှု အားပေးရာရောက်သည် ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာမှ လူသားချင်းစာနာမှုအကူအညီများပေးရန် လုပ်ဆောင်မှုများကို ကန့်ကွက်နေသည့် စစ်ကောင်စီက မြန်မာအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို အဖက်ဖက်မှ လုပ်ဆောင်ပေးလျက်ရှိသည်ဟု ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆက်လက်ပြီး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား သို့ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဒေါသကြီးစွာ တုံ့ပြန်ထားသည်။

စစ်ကောင်စီမှ Burma Act ဥပဒေနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထုတ်ပြန်ခြင်းသည် စိုးရိမ်ထိတ်လန့်နေခြင်း အတွက် ထုတ်ပြန်ခြင်းမျိုးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးထွန်းကြည်က သုံးသပ်ပြောကြားသည်။

“ စစ်တပ်က မြန်မာနိုင်ငံအနှံမှာ လက်နက်ကိုင်တော်လှန်ရေးကို ရင်ဆိုင်နေရတယ်။ အခု အမေရိကန်ရဲ့ NDAA) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Burma Act ဥပဒကေို သူတို့ကြောက်ရွံ့ပြီးတော့ ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်တာတို့၊ အချုပ်အခြာအာဏာထိပါးတာတို့ ဆိုပြီး ထုတ်ပြန်တာ၊ အခုမြန်မာနိုင်ငံမှာ စစ်တပ်က ရွာလုံးကျွတ်မီးရှို့တာ၊ လူတွေကို သတ်ဖြတ်နေတာက နိုင်ငံတကာ စစ်ရာဇ၀တ်မှုနဲ့ ငြိတယ်။ ပြည်တွင်း တော်လှန်ရေးသမားတွေကို သူတို့ မနိုင်တော့တဲ့အချိန်မှာ အခုလို အမေရိကန်ရဲ့ ဥပဒေတစ်ရပ်ကြောင့် စစ်ကောင်စီက အတော်ကို တုန်လှုပ်ခြောက်ခြားနေတာ” ဟု ဦးထွန်းကြည်က သုံးသပ်ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် လူသားချင်းစာနာမှု အကူအညီများ ပေးနေသည်ဟု ဖော်ပြခြင်းသည် လက်တွေမြေပြင်တွင် လုပ်ဆောင်မှုများနှင့် လားလားမှ သက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း ဦးထွန်းကြည်က ဆက်လက်ပြောကြားသည်။

အမေရိကန်ကာကွယ်ရေးဌာန၏ ကာကွယ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းဖြစ်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ(NDAA) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Burma Act ဥပဒေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဥပဒေအဖြစ် ဒီဇင်ဘာ ၂၃ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ Burma Act ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် NUG၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသော အဖွဲ့အစည်းများကို နည်းပညာအကူအညီများပေးမည့် အချက်များပါဝင်သည်။
ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ
ပုံစာ-စစ်တပ်က မီးရှို့ဖျက်ဆီးထားသည့်ကျေးရွာတစ်ခုအားမြင်တွေ့ရစဉ်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #BurmaAct #အမေရိကန်