“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဇန်နဝါရီ ၂၁ မှ ၂၇ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jan 27, 2024

“ သမိုင်းတစ်လျှောက် ဒုတိယအမြင့်ဆုံးဈေးကို ရောက်လာတဲ့ ရွှေဈေး”

 

ဇန်နဝါရီရဲ့ နောက်ဆုံးသီတင်းပတ်ထဲ ရွှေဈေးတွေ ထပ်တက်လာတာကြောင့် တစ်ကျပ်သား ၃၉ သိန်းနီးပါးအထိကို ရောက်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။

 

နိုင်ငံခြားငွေကြေးဈေး၊ ကမ္ဘာ့ရွှေဈေးတွေ ကျောက်တိုင်လိုငြိမ်သက်ခဲ့ချိန်မှာတောင် အတက်ဘက် ဦးတည်ခဲ့တဲ့ပြည်တွင်းရွှေဈေးဟာ အဲဒီဈေးတွေ လှုပ်ခပ်လာချိန်မှာတော့ အစွမ်းကုန်လှုပ်ခပ်လာခဲ့ပြန်ပါတယ်။

 

ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယအပတ်ထဲ တစ်ကျပ်သား ၃၈ သိန်းနီးပါးရှိခဲ့ရာကနေ ဒီတစ်ပတ်ထဲမှာတော့ ၃၉ သိန်းနီးပါးအထိတက်လာခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၇၅,၀၀၀ အထိမြင့်တက်သွားတာဖြစ်ပါတယ်။

 

ကမ္ဘာ့ရွှေဈေးကတော့ ဆက်လက်ကျဆင်းခဲ့ပြီး ဒီတစ်ပတ်ထဲ တစ်အောင်စ အမေရိကန် ၂၀၁၈ ဒေါ်လာအထိကျဆင်းခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် အရင်ပတ်ကထက် တစ်အောင်စ အမေရိကန် ၁၀ ဒေါ်လာခန့်အထိ ကျသွားတာဖြစ်ပါတယ်။

 

ဇန်နဝါရီ နောက်ဆုံးပတ်ရဲ့ စနေနေ့ ရွှေဈေးတွေမှာဆိုရင် ပြည်တွင်း ၁၅ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၃၆ သိန်း ခုနစ်သောင်း၊ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်း ခုနစ်သောင်းနဲ့ ကမ္ဘာ့ရွှေ တစ်အောင်စ အမေရိကန် ၂၀၁၈ ဒေါ်လာဖြစ်ပါတယ်။

 

အခုရွှေဈေးတွေဟာ နှစ်သောင်းတန်တွေထွက်မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့စဉ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ တစ်ကျပ်သား ကျပ်သိန်း ၄၀ ကျော်အပြီး သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြင့်ဆုံးဈေးကို ရောက်ရှိလာစေခဲ့တာဖြစ်ပါတယ်။