ပြည်တွင်းရွှေဈေး ကျပ် ၃၈ သိန်းကျော်အထိ မြင့်တက်၊  ◼ လေးလနီးပါးအတွင်း တစ်ကျပ်သား လေးသိန်းကျော်အထိတက်လာ

Author ကိုထားဝယ်
Categories
Published on Jan 23, 2024

တအိအိမြင့်တက်လာသော ပြည်တွင်းအခေါက်ရွှေဈေးသည် ယနေ့(ဇန်နဝါရီ ၂၃ ရက်)တွင် တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းကျော်အထိမြင့်တက်လာကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်က ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်း ကိုးသောင်းခွဲသာရှိခဲ့ရာမှ ယနေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်း နှစ်သောင်းခွဲအထိ တစ်ရက်တည်း ကျပ်သုံးသောင်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ရွှေဈေးနှုန်းများအရ သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်းခန့်သာရှိခဲ့ရာမှ လေးလနီးပါးကာလဖြစ်သည့် ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ၃၈ သိန်း နှစ်သောင်းခွဲအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

 

“ဒီနေ့ဈေးဟာဆိုရင် လေးငါးလအတွင်း အမြင့်ဆုံးဈေး၊ စံချိန်တင်ဈေးလို့ဆိုရပါမယ်” ဟု ရွှေဈေးကွက်ကျွမ်းကျင်သူက ပြောသည်။

 

ထိုသို့ပြည်တွင်းရွှေဈေးမြင့်တက်နေသော်လည်း ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ကျပြီး အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၃၀ နီးပါးရှိခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် ယနေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၂၇ ဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

 

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း လနှင့်ချီကြာပြီး တစ်ဒေါ်လာလျှင် ၃၄၅၀ ဝန်းကျင်ဖြင့် ငြိမ်သက်နေသော အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယနေ့တွင် တစ်ဒေါ်လာလျှင် ၃၄၈၀ ကျပ်သို့မြင့်တက်လာကြောင်း ထိုဈေးကွက်အတွင်းမှ သိရသည်။