ပါကစ္စတန်က အီရန်အပေါ် တန်ပြန်တိုက်ခိုက်မှုအတွင်း အီရန်အရပ်သား ၉ ဦးထက်မနည်း သေဆုံး

Author လင်းနွေဦး
Categories
Published on Jan 19, 2024

အီရန်နိုင်ငံ၏ တိုက်ခိုက်မှုကို တန်ပြန်သော ပါကစ္စတန်နိုင်ငံဘက်က ယမန်နေ့ ကြာသပတေးနေ့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အီရန်အရပ်သား ကိုးဦးထက်မနည်းသေဆုံးခဲ့‌ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် အင်္ဂါနေ့ ဇန်နဝါရီ ၁၆ ရက်နေ့က အီရန်ဘက်မှ ပါကစ္စတန် နယ်စပ်ဒေသ ဘာလူချီစ်တန်(Baluchistan) ပြည်နယ်အတွင်းရှိ အီရန်မှခွဲထွက်ရေးလိုသည့် ဆူနီ(Sunni)စစ်အုပ်စုများကို ရည်ရွယ်သည်ဟု ပြောဆိုပြီး ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များကြောင့် ပါကစ္စတန် အရပ်သားကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။

 

ထိုတိုက်ခိုက်မှုအပြီး ၂ ရက် အကြာတွင် ပါကစတန်ဘက်က အီရန်နယ်စပ်ဒေသရှိ စစ္စတန်(Sistan)နှင့် ဘလူချစ္စတန်(Bluchesten)ပြည်နယ်အတွင်းက ပါကစ္စတန်မှ ခွဲထွက်ရေးလိုလားသည့် ဘလူချ့်စစ်အုပ်စုကို ရည်ရွယ်တိုက်ခိုက်ခြင်းဟုဆိုသည့် လက်တုံ့ပြန်တိုက်ခိုက်မှုအပြီး အီရန်အရှေ့တောင်ပိုင်း ဆာရာဗန်ဒေသက အရပ်သား ကိုးဦးထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း BBC ကမ္ဘာ့သတင်းတွင် ရေးသားဖော်ပြသည်။

 

ယခုကဲ့သို့ လက်တုံ့ပြန် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပါကစ္စတန်ဘက်က “မာချ်ဘာ ဆာမချာ”(ဖာစီ ဘာသာစကားအရ “ပြောက်ကျားစစ်သားများကိုသေစေနိုင်သော”)အမည်ရ စစ်ဆင်ရေးဟု အမည်ပေးခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ  မွန်တပ်စ် ဇယာရာဘာလိုက သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာများကို တရားဝင်ပြောကြားသည်။

 

အီရန်နှင့် ပါကစ္စတန်တို့ဘက်က ယခုကဲ့သို့ စစ်သွေးကြွ စစ်အုပ်စုနှစ်ခုကို ရည်ရွယ်တိုက်ခိုက်သည်ဟု အသီးသီးစွပ်စွဲကာ ပြစ်တင်ပြောကြားခဲ့သော်လည်း ဘလူ့ချ် စစ်အုပ်စုကမူ “အပြစ်မဲ့ ဘလူချ့်ပြည်သူတွေကို သတ်ဖြတ်ခြင်း” ဟု တိုက်ခိုက်ခံရပြီး ချက်ချင်းဆိုသကဲ့သို့ ထုတ်ပြန်သည့်ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ခွဲထွက်ရေးလိုလားသည့် ဘလူ့ချ် မျိုးနွယ်စုများ၏ စစ်တပ်ဖြစ်သော ဘလူချ့်လွတ်မြောက်ရေးတပ်မတော် (The Baluch Liberation Army)သည် ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှစတင်၍ အီရန်နယ်စပ်ဒေသအတွင်း စစ်ရေးနှင့် အခြားသော လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း AP သတင်းအရ သိရသည်။

 

ပါကစ္စတန်-အီရန် နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း ယခုကဲ့သို့ ရှုပ်ထွေးသည့် ခွဲထွက်ရေးလိုလားသူ မျိုးနွယ်စု စစ်အုပ်စုများအပေါ် နှစ်နိုင်ငံဘက်မှ အပြန်အလှန်ပြစ်တင်ဝေဖန်မှုများပြုလုပ်ပြီး တိုက်ခိုက်မှုများကြောင့် နယ်စပ်ဒေသ၌ အခြေအနေတင်းမာနေကာ စစ်ရေးဖြန့်ကျက်မှုများကို   ပါကစ္စတန်နှင့် အီရန်ဘက်က အသီးသီးပြင်ဆင်ထားနေကြပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းမျာအရ သိရသည်။

 

လက်ရှိတင်းမာမှုများကြောင့်  ပါကစ္စတန် ယာယီဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးများသည် ယမန်နေ့က သွားရောက်နေဆဲ နိုင်ငံခြားခရီးစဉ်များကို ပယ်ဖျက်ပြီး မိမိနိုင်ငံ အသီးသီးကို ပြန်လာခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

နှစ်နိုင်ငံနယ်စပ်ဒေသတင်းမာမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ပါကစ္စတန်အနေနဲ့ အခြေအနေတွေကို ထပ်မံတင်းမာအောင် လုပ်ဆောင်ဖို့ မရှိပါဘူး” ဟု ထပ်မံပြောကြားခဲ့ကြောင်း BBC ကမ္ဘာ့သတင်းတွင် ရေးသားသည်။

 

ယခုကဲ့သို့ တင်းမာမှုများမဖြစ်ပေါ်မီ ရက်ပိုင်းအတွင်း၌ ပါကစ္စတန်နှင့် အီရန်တို့ကြား ကောင်းမွန်သောဆက်ဆံရေးများရှိခဲ့ပြီး ပါကစ္စတန် အိမ်စောင့်ဝန်ကြီးချုပ်နှင့် အီရန် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံကာ အမှတ်တရဓာတ်ပုံတွဲရိုက်ခဲ့သည့်အပြင် အီရန်ဘက်မှ စတင်တိုက်ခိုက်သော ဇန်နဝါရီ ၁၆ ရက်နေ့၌ပင် အီရန်နှင့် ပါကစ္စတန် နှစ်နိုင်ငံရေတပ်များ ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်ဟု နိုင်ငံတကာ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။