သိမ်းငှက်ကြီးစီး အာကာသထိ ပျံတော့မလား ထိုင်ဝမ်?

Author လင်းနွေဦး
Categories
Published on Jan 15, 2024

အင်အားကြီးနှစ်နိုင်ငံရဲ့ နိုင်ငံရေးပါဝါကစားမှုတွေနဲ့ မျက်စိဒေါက်ထောက်ကြည့်မှုတွေအောက် ကမ္ဘာတစ်ဝန်းစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ ထိုင်ဝမ်ကျွန်းစုရဲ့ သမ္မတ ရွေးကောက်ပွဲကတော့ ပြီးဆုံးခဲ့ပါပြီ။

 

ထိုင်ဝမ်နိုင်ငံသားတွေတင်မဟုတ်ဘဲ နိုင်ငံရေးသုတေသီတွေထင်ကြေးပေးခဲ့ကြတဲ့အတိုင်း ဒုသမ္မတ တစ်ဖြစ်လည်း ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)က လိုင် ချင်းတီ(Lai Ching-te)က စံချိန်တင်မဲအရေအတွက်နဲ့ ပြိုင်ဘက်တွေကို ဖြတ်ကျော်အနိုင်ရခဲ့တာပါ။

 

DPP ဘာလို့နိုင်?

 

လက်ရှိမှာ ထိုင်ဝမ်ဟာ ပြည်မတရုတ်နိုင်ငံကနေ ခွဲထွက်ထားခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။

 

နိုင်ငံတကာက ကိုယ်ပိုင်နိုင်ငံလို့ တရားဝင်အသိအမှတ်မပြုထားပေမဲ့ ပြည်ကြီးတရုတ်တွေကတော့ ‘တစ်နိုင်ငံတည်းမူ’ လို့ တွင်တွင်ကျင့်သုံးနေဆဲပါ။ ဒါပေမဲ့ တစ်ပါတီစနစ်ကျင့်သုံးတဲ့ တရုတ်နိုင်ငံထဲမဝင်လိုတဲ့ ထိုင်ဝမ်သားတွေဟာ ပါတီစုံစနစ် အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ကိုယ်ပိုင်ဟန်နဲ့ ဖောက်လုပ်ခဲ့တာဟာ ခရီးရောက်ခဲ့ပါတယ်။

 

ဒါပေမဲ့ ပြည်မ တရုတ်ရဲ့ စီးပွားရေးအင်အားတောင့်တင်းလာမှုဟာ အများအတွက် မကောင်းသလို ထိုင်ဝမ်နိုင်ငံသားတွေကိုလည်း ဆိုးကျိုးဖြစ်စေခဲ့ပါတယ်။ ဘယ်လိုထိခိုက်ပါသလဲ။

 

အဓိကအနေနဲ့ ခွဲထွက်ဖို့ ပိုမိုခက်ခဲ‌စေတာပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာမက်ခဲ့တဲ့ ထိုင်ဝမ်ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေကိုတော့ ဘယ်သူကမှ သွေဖယ်မသွားစေခဲ့ဘူးဆိုတာ ဇန်နဝါရီ ၁၃ ရက် သမ္မတ ရွေးကောက်ပွဲက သက်သေတည်နေပါတယ်။

 

DPP က မစ္စတာ လိုင်ကို “ပြဿနာ အိုး” လို့ ဖွင့်ဆိုပြီး မဲမပေးဖို့အထိ ဖွင့်ဟခဲ့တဲ့ တရုတ်တို့ ထိုင်ဝမ်ပြည်သူတွေရဲ့ ရင်တွင်းဆန္ဒကို လက်လျှော့အရှုံးပေးခဲ့ရပါတယ်။

 

၂၀၂၄ ရွေးကောက်ပွဲမှာ DPP ရဲ့ မဲဆွယ်ဒိုင်ယာလော့တွေဖြစ်တဲ့ “ထိပ်တန်းစီးပွားရေးနိုင်ငံ ဖြစ်လာစေမယ်” လို့ တစ်မျိုး၊ “ပြည်မတရုတ်နိုင်ငံနဲ့ ကင်းကွာစေရမယ်” လို့ တဖုံ စတဲ့စကားလုံးတွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ ရင်ကို ထိခတ်စေခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိမှုတွေဟာ DPP ရဲ့ သမ္မတလောင်းကို ထိပ်ဆုံးရောက်အောင် တွန်းတင်ပေးခဲ့တဲ့ အချက်တွေဖြစ်ပါတယ်။

 

“ရွေးကောက်ပွဲအပြီး အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး”

 

ထိုင်ဝမ်အပေါ် အမြဲတစေစောင့်ကြည့်နေတဲ့ အင်အားကြီးနှစ်နိုင်ငံလို့ဆိုရင် တရုတ်နဲ့ အမေရိကန် ကို ပြေးမြင်ကြမှာပါ။ ဒီလိုမျိုးမြင်ရတာကလည်း အကြောင်းရှိပါတယ်။ ထိုင်ဝမ်ရေလက်ကြားဟာ ထိုနှစ်နိုင်ငံအဖို့ ရွှေတွင်းကြီးပါ။

 

တကယ်လို့ ပြည်မတရုတ်ဘက်ယိမ်းတဲ့ ပြိုင်ဘက် သမ္မတတွေသာ အနိုင်ရခဲ့မယ်ဆိုရင် နိုင်ငံသားတွေမျှော်လင့်တောင့်တနေတဲ့ အနာဂတ်ထိုင်ဝမ်ဖြစ်လာဖို့ လျှောက်ခဲ့ရတဲ့ ခယောင်း လမ်းကြီးဟာ အလဟဿဖြစ်သွားမှာပါ။

 

ရွေးကောက်ပွဲအပြီး ပြည်မကြီးတရုတ်တို့ နှုတ်ဆိတ်နေပေမယ့် အမေရိကန်ဘက်ကတော့ အွန်လိုင်းကအပြင် ထိုင်ဝမ်အထိလာပြီး ဂုဏ်ပြုတဲ့အထိပါပဲ။

 

“ကူစရာရှိ ကူ၊ ယူစရာရှိ ယူ” ဆိုတဲ့ အမေရိကန်တွေရဲ့ သဘောအတိုင်း ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းမှာ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး အရာရှိဟောင်း စတီဖင် ဟဒ်လေ(Stephen Hadley)ဟာ ထိုင်ဝမ်ကိုသွားပြီး သမ္မသစ်အပေါ် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

 

အဲဒီတွေ့ဆုံမှုမှာ မစ္စတာ စတီဖင်ဟာ “အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် ထောက်ခံအားပေးမှုဟာ ရာနှုန်းပြည့် အပြည့်အဝရှိနေတယ်” လို့ တွင်တွင်ပြောဆိုခဲ့သလို “ထိုင်ဝမ်ဟာ ကမ္ဘာကြီးအတွက် တောက်မယ့်မီးခဲတရဲရဲဆိုတဲ့ ဥပမာကောင်းတစ်ခု” လို့ပါ ပြောကြားခဲ့တယ်လို့ CNN သတင်းဌာနက ရေးသားပါတယ်။

 

ဒါတင်မဟုတ်သေးဘဲ  “ထိုင်ဝမ် ရေလက်ကြားရဲ့ အေးချမ်းတည်ငြိမ်မှုအတွက် အမေရိကန်နဲ့ ထိုင်ဝမ် အကျိုးတူပူးပေါင်းပြီး အုပ်ချုပ်ရေးစနစ်နဲ့ အစိုးရသစ်အောက်ကနေ ဆက်ဖော်ဆောင်သွားပါမယ်” လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး အရာရှိဟောင်းက ထပ်မံပြောကြားခဲ့ပါသေးတယ်။

 

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတီကတော့ အခုလို တုံ့ပြန်ပြောကြားပါတယ်။

 

“အမေရိကန်က ထိုင်ဝမ်ရဲ့ အရေးအပါဆုံးပါတနာဖြစ်သလို ဒီဒေသ(ရေလက်ကြား)မှာ ဖော်ဆောင်မယ့် လုပ်ငန်းတွေအတွက် ထောက်ပံ့မှုတွေဆက်လုပ်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံကြားဆက်ဆံရေးဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ လုပ်ပိုင်ခွင့်တွေကို ကာကွယ်ဖို့ အားတစ်ခုဖြစ်လာပါမယ်” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

 

နှစ်ဖက်ပြောဆိုမှုတွေဟာ “ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ” ဆိုသလို အတိုင်အဖောက်ညီလွန်းလှပါတယ်။

 

ဒီလို သိမ်းငှက်ကြီးလို့ ကမ္ဘာ့အကဲခတ်တွေတင်စားခေါ်ဝေါ်ကြတဲ့ အမေရိကန်ရဲ့ ခြေလှမ်းသွက်မှုတွေကို မြွေမြွေချင်း ခြေမြင်ထားပြီး ကြိတ်မနိုင်ခဲမရတဲ့ ပြည်မတရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက ချက်ချင်းဆိုသလို စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

 

ထုတ်ပြန်ချက်ထဲ “အမေရိကန်ဟာ ကတိပေးထားတဲ့ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ တခြား ညှိနှိုင်းမှု တွေအပြင် One-China ပေါ်လစီကိုပါ ပြင်းပြင်းထန်ထန်နှောင့်ယှက်နေတယ်” လို့ တရားဝင်ရေးသားဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဂျပန်၊ အင်္ဂလန်နဲ့ ကနေဒါနိုင်ငံတို့ကလည်း ထိုင်ဝမ် သမ္မသစ် အနိုင်ရရှိမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့တာကိုလည်း ၎င်းနိုင်ငံတွေမှာရှိတဲ့ တရုတ်သံရုံးတွေကနေ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

 

ဒီလို တရုတ်က မနာလိုမရှုစိမ့်နေပေမယ့် ထိုင်ဝမ်ပြည်သူတွေကတော့ အပြုံးပန်းတွေ ဝေလို့နေပါပြီ။

 

ထိုင်ဝမ်ပြည်သူတွေအမှန်တကယ်အလိုလားဆုံးဟာ နိုင်ငံ့စီးပွားရေးတောင့်တင်းစေဖို့ပါ။ ဒီတော့ ကမ္ဘာပေါ်မှာ စီးပွားရေးအားအကောင်းဆုံးလို့သတ်မှတ်ထားတဲ့ သိမ်းငှက်ကြီး အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲပြီး ဘယ်အထိပျံမှာပါလဲ။ အာကာသထိ ပျံမလား။ ဒါမှမဟုတ် တရုတ်နိုင်ငံရဲ့ ရိုက်ချမှုတွေနဲ့ပဲကြုံပြီး မြေပြင်မှာပဲ လူးလှိမ့်နေမလား။

 

လေးနှစ်တာ မစ္စတာ လိုင်နဲ့ DPP ပါတီရဲ့ စွမ်းဆောင်မှုကို ထိုင်ဝမ်ပြည်သူတွေအပါအဝင် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပါကြောင်း….