ဂျပန်ငလျင် ကူညီကယ်ဆယ်ပေးနေသည့် လေယာဉ်ငယ်နှင့် ခရီးသည်တင်လေယာဉ် မတော်တဆမှုအတွင်း ကယ်ဆယ်ရေးယာဉ်ပေါ်က လေယာဉ်ဝန်ထမ်း ငါးဦးသေဆုံး

Author လင်းနွေဦး
Categories
Published on Jan 03, 2024

အင်အားပြင်းငလျင်ဒဏ်ခံစားနေရသော ဂျပန်နိုင်ငံတွင် ဘေးတွေ့နေသူများကို ကူညီကယ်ဆယ်ပေးနေသည့် လေယာဉ်ငယ်နှင့် ခရီးသည်တင်လေယာဉ်တို့ ပွတ်တိုက်မှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးယာဉ်ပေါ်က လေယာဉ်ဝန်ထမ်းငါးဦးသေဆုံးခဲ့ရကြောင်း နိုင်ငံတကာသတင်းဖော်ချက်များအရ သိရသည်။

 

အဆိုပါဖြစ်စဉ်သည် ဂျပန်နိုင်ငံ၊ ဟာနီဒါလေဆိပ်တွင် ယမန်နေ့ ဇန်နဝါရီ ၂ ရက် ဒေသစံတော်ချိန် ‌ညနေ ၅ နာရီခွဲခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ဇန်နဝါရီ ၂ ရက်နေ့ ဂျပန်ဒေသစံတော်ချိန် ညနေ ၄ နာရီ၌ စပိုရို နယူး ချီတို့စ်လေဆိပ်မှထွက်ခွာလာသော ဂျပန်လေကြောင်းပိုင် လေယာဉ်အမှတ် ၅၁၆ သည် ဟာနီဒါလေဆိပ်သို့ ဆင်းသက်စဉ် ကမ်းခြေစောင့် လေယာဉ်ငယ်တစ်စီးနှင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြသည်။

 

ထို့ကြောင့် လေယာဉ်ငယ်ပေါ်က လေယာဉ်မောင်/မယ်များသေဆုံးခဲ့ရပြီး ဂျပန်လေကြောင်းပိုင် လေယာဉ်ကြီးတစ်စင်းလုံး မီးစွဲလောင်ကျွမ်းခဲ့သော်လည်း ယင်းလေယာဉ်ပေါ် လိုက်ပါလာသော ခရီးသည် စုစုပေါင်း ၃၇၉ ဦးနှင့် လေယာဉ်မောင်/မယ်များဘေးကင်းခဲ့သည်။ သို့သော် လေယာဉ်မှူး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့်အတွက် အရေးပေါ်ဆေးကုသမှုပြုလုပ်ပေးခဲ့ရသည့်အပြင် ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ကမ်းခြေစောင့်လေယာဉ်ငယ်သည် De Havilland Dash 8 turboprop အမျိုးအစားဖြစ်ပြီး တနင်္လာနေ့ ညနေ၌ ငလျင်ဒဏ်ခံစားခဲ့ရသည့် အီရှီကာဝါပြည်နယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပို့မှုများလုပ်ဆောင်ရန် တာဝန်ပေးအပ်ခံရသော လေယာဉ်ငယ် လေးစင်းအနက် တစ်စင်းဖြစ်သည်။

 

ဖြစ်စဉ်အတွင်း လိုက်ပါစီးနင်းလာသူ ခရီးသည်တစ်ဦးက “လေယာဉ်ဆင်းတုန်းမှာ သိမ့်ခနဲဖြစ်ပြီး အပေါ်ကို မြောက်တက်သွားတာ ဗုံးပေါက်သလို ခံစားလိုက်ရတယ်။ တစ်ခုခုကို တိုက်မိလိုက်တယ်ဆိုတာ သိလိုက်တယ်။ ပြီးလည်းပြီးရော လေယာဉ်ပြတင်းကနေကြည့်တော့ မီးပွားတွေ တွေ့တယ်။ ပြီးတော့ လေယာဉ်ခန်းထဲ မီးခိုးတွေ ဝင်လာရော” ဟု ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် ကျိုဒို Kyodo သတင်းအေဂျင်စီသို့ ပြောသည်။

 

လေယာဉ်တစ်စင်းလုံး မီးစွဲလောင်မှုကြောင့် မီးသတ်ကားများ နာရီနှင့်ချီကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ရပြီး ဂျပန်လေကြောင်းလိုင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ လေယာဉ်မဆင်းသက်မီအထိ သတင်းပေးပို့သည်မှာ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ဘဲ အဆင်ပြေချောမွေ့ခဲ့ကြောင်း၊ လေယာဉ်ထိန်းချုပ်ကိရိယာများ အပြောင်းအလဲလုပ်ခဲ့မှုရှိမရှိကို စုံစမ်းစစ်ဆေးနေကြကြောင်း သိရသည်။

 

ကမ်းခြေအာဏာပိုင်များ၏ ပြောကြားချက်အရ ယခုကဲ့သို့ ပွတ်တိုက်မှုဖြစ်စဉ်ကို မည်သည့်အရာက ဖြစ်စေသည်ကို သေချာစွာမသိရှိရသေးသော်လည်း လေယာဉ်နှစ်စင်း မည်သည့်အချိန်တွင် ထိပ်တိုက်တွေ့ဆုံကာ မည်သို့ပွတ်တိုက်မှုဖြစ်ခဲ့သည်ကို ဖော်ထုတ်နိုင်ရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ထပ်မံသိရှိရသည်။

 

ယခုကဲ့သို့ ကြေကွဲဖွယ်ရာ မတော်တဆမှုအတွက် ဂျပန်လေကြောင်းလိုင်းဘက်မှ “ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းအားလုံး ဘေးကင်းခဲ့ပေမဲ့ တစ်ဖက်လေယာဉ်ငယ်က ဆုံးရှုံးမှုအပေါ် ဝမ်းနည်းရပြီး ဆုတောင်းပေးနေပါတယ်” ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ထို့ပြင် ဂျပန်ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း “သဘာဝဘေးခံစားရတဲ့သူတွေကို ကူညီတဲ့တာဝန်အတွင်း လေယာဉ်မောင်/မယ်တွေက အကောင်းဆုံး တာဝန်ယူမှုနဲ့ ကြိုးစားခဲ့ကြတာကို အသိအမှတ်ပြုပြီး ဝမ်းနည်းနောင်တရနေပါတယ်” ဟု ပြောကြားသည်။

 

ယခုမတော်တဆမှုဖြစ်ရပ်အတွက် စုံစမ်းမှုတွင် ပူးပေါင်းပါဝင်ရန် ကျွမ်းကျင်ပညာရှင်အဖွဲ့ကို မီး‌လောင်ကျွမ်းခဲ့ရသည့် ခရီးသည်တင်လေယာဉ်ကုမ္ပဏီ Airbus က ဂျပန်သို့ စေလွှတ်ထားကြောင်း BBC သတင်းတွင် ဖော်ပြသည်။