တောင်ကိုရီးယား အတိုက်အခံပါတီ ခေါင်းဆောင် ဓားထိုးခံရ၊ အသက်အန္တရာယ် စိုးရိမ်နေရ
တောင်ကိုရီးယား သမ္မတနိုင်ငံတွင် ယနေ့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်း၌ ဘူဆန်မြို့ အလည်အပတ်ခရီးအတွင်း အဓိက အတိုက်အခံပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် လီဂျေးမြောင်(Lee Jae-Myung) ဓားထိုးခံရကြောင်း CNN သတင်းတွင် ဖော်ပြသည်။
ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်သည် တောင်ပိုင်းဒေသရှိ ဘူဆန်မြို့တွင် အသစ်တည်ဆောက်လျက်ရှိသော ဂဒိုးခ်ဒို လေယာဉ်ကွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လှည့်လှည် ကြည့်ရှုနေစဉ် သတင်းထောက်များရှေ့မှောက်၌ပင် ဝင်ရောက်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
သတင်းထောက်များ၏ မေးမြန်းမှုကို ပါတီခေါင်းဆောင် လီဂျေးမြောင်က ပြန်လည်ဖြေဆိုစဉ်အတွင်း ရဲများမှ စုံစမ်းစစ်ဆေးဆဲဖြစ်သည့် အမည်မသိသံသယရှိသူတစ်ဦးသည် သတင်းသမားအဖြစ် ဟန်ဆောင်ချည်းကပ်ခဲ့ပြီးနောက် အနီးကပ်အနေအထားဖြင့် လည်ပင်းနေရာသို့ ချွန်ထက်သည့်အရာဖြင့် ထိုးခဲ့သည်ကို CNN သတင်းဌာနက ဖော်ပြထားသော ရုပ်သံဗီဒီယိုအတွင်း မြင်တွေ့ရသည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ကွန် ချီဆမ်(Kwon Chil-seung)က “ သူ့ဘယ်ဘက်လည်ပင်းမှာ တစ်စင်တီမီတာပတ်လည်ရှိတဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။ လည်ပင်းသွေးပြန်ကြော ထိခိုက်ခဲ့တာကြောင့် ဆရာဝန်တွေကလည်း စိုးရိမ်ရတဲ့အနေအထားလို့ပြောပါတယ်” ဟု တောင်ကိုရီးယားဒေသတွင်းမီဒီယာများကို ပြောဆိုခဲ့သည်။
လီ၏ ဒဏ်ရာမှာ စိုးရိမ်ရသဖြင့် ပါတီခေါင်းဆောင်ကို ဘူဆန်မှ ဆိုလ်းမြို့သို့ ပြန်လည်ခေါ်ဆောင်ကာ ဆိုလ်းအမျိုးသားဆေးရုံကြီး၌ ရောက်ရောက်ချင်းပင် ခွဲစိတ်ခန်းသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုသည် မည်သည့်အဖွဲ့အစည်းက ကြိုးကိုင်ပါဝင်ခြင်းရှိမရှိကို မသိရသေးသော်လည်း “အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီစံနှုန်းကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှု” ဟု အတိုက်အခံပါတီ ပြောခွင့်ရသူက မှတ်ချက်ပေးပြောကြားသည်။
လက်ရှိ အာဏာရ People Power Party(ပြည်သူ့အင်အား ပါတီ)မှ ရွေးချယ်တင်မြောက်ခံထားရသော သမ္မတ ယွန်းဆော့ယိုးလ်(Yoon Suk Yeol)က “ အခြေအနေကို လွန်စွာစိုးရိမ်ပူပန်လျက်ရှိပြီး အကြမ်းဖက်မှုကို မည်သည့်အကြောင်းနှင့်မျှ သည်းခံမှာမဟုတ်ကြောင်း” ပြောကြားခဲ့သည့်အပြင် ရဲတပ်ဖွဲ့များကို အလျင်အမြန်စုံစမ်းဖော်ထုတ်မှုပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟု သမ္မတရုံးမှ တရားဝင် ထုတ်ပြန်ကြောငြာခဲ့သည်။
ယခုတိုက်ခိုက်ခံရသည့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့သော သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ယွန်းဆော့ယိုးလ်နှင့်အတူ သမ္မတလောင်းတစ်ဦးအဖြစ် အဆိုတင်သွင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိသမ္မတကို မဲအနည်းငယ်ဖြင့် ကပ်၍ ရှုံးနိမ့်ခဲ့ပြီးနောက် ငါးလအကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် ယခင်ကတည်းက နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ကျော်ကြားသူများမှာ ယခုကဲ့သို့ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ ရှိခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလအတွင်း ယခုတိုက်ခိုက်ခံရသည့် ပါတီခေါင်းဆောင် လီ၏ စည်းရုံးရေးမှူးတစ်ဦး လူတစ်ယောက်၏ တူဖြင့် ဝင်ရောက်တိုက်ခိုက်မှုကို ခံခဲ့ရဖူးသည်။
အလားတူ တောင်ကိုရီးယား၏ ၁၁ ကြိမ်အထိ သမ္မတဖြစ်ခဲ့သူ ပတ်ဂျင်ဟေး(Park Geun-hye)သည် ၂၀ဝ၆ ခုနှစ်က နိုင်ငံ၏ အဓိကအတိုက်အခံပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် မြို့တော် ဆိုလ်း၌ပြုလုပ်သည့် ပါတီပွဲအတွင်း လူတစ်ဦး၏ ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် မျက်နှာတွင် လေးလက်မကျော် ပြတ်ရှဒဏ်ရာရရှိခဲ့ကာ အချက် ၆၀ တိတိ ချုပ်ရိုးချုပ်ခဲ့ရသဖြင့် ရက်သတ္တပတ်ကြာမြင့်စွာ စကားမပြောနိုင် ဖြစ်ခဲ့ရဖူးသည်။