မပြတ်ရရင် မနေနိုင်တဲ့ စက်သုံးဆီ

Author ကိုထားဝယ်၊ ကိုထက်
Categories
Published on Dec 21, 2023

ရန်ကုန်နဲ့ မြို့ကြီးတွေမှာ စက်သုံးဆီဆိုင်တွေရှေ့ ကားတန်း၊ ဘေးတွဲဆိုင်ကယ်နဲ့ မီနီအိုးဝေတွေ မတွေ့ရတော့တာ ရက်ပိုင်းကြာသွားပါပြီ။

 

ဒီတော့ စက်သုံးဆီအလုံအလောက် ပြန်ရသွားပြီလို့ ထင်စရာပါ။

 

တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။

 

စက်သုံးဆီ ကုမ္ပဏီကြီးများ(ဝါ)အစဉ်အဆက် ခရိုနီကုမ္ပဏီကြီးတွေသာ ရနေတဲ့သဘောပါ။

 

စက်သုံးဆီ အရင်ကလို တန်းစီမဝယ်ရတော့တာမှန်ပေမယ့် စက်သုံးဆီပြတ်လပ်မှုတွေ ရန်ကုန်နဲ့ မြို့ကြီးအချို့က ဆိုင်အချို့မှာ ဆက်ဖြစ်နေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

မပြတ်ရရင် မနေနိုင်တဲ့ စက်သုံးဆီတွေမှာ အခုပြတ်လပ်နေတာကတော့ မော်တော်ကား၊ ဘေးတွဲနဲ့ မီနီအိုးဝေလို စက်တပ်ယာဉ်တွေမှာ အဓိကသုံးကြတဲ့ အောက်တိန်း 92 မဟုတ်ပါဘူး။ ဒီဇယ်သုံး ကား၊ မီးစက်နဲ့ လယ်ထွန်စက်လို စက်တွေမှာ အသုံးများတဲ့ ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင်ဒီဇယ်တွေ ပြတ်လပ်နေပြန်တာပါ။ အောက်တိန်း 95 ဟာလည်း လိုသလောက် ပြန်မရသေးတဲ့ အနေအထားပါ။

 

အဲဒါကြောင့်ပဲ ကားတန်း၊ ယာဉ်တန်းတွေမတွေ့ရတော့တာပါ။

 

“ကားတွေအတွက်ကတော့ တန်းစီဝယ်ရတာမျိုး သိပ်မရှိတော့ဘူး။ လောလောဆယ်ကတော့ ဒီဇယ်တွေ ပြတ်နေတာ။ မီးစက်တွေအတွက် အဆင်မပြေဘူးပေါ့။ နောက်ပြီး ပရီမီယံဒီဇယ် ဖြည့်ရတဲ့ ကားတွေကတော့ မပြေဘူးပေါ့” လို့ ဒီဇယ်ဝယ်ယူသုံးစွဲနေသူတစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့ စက်သုံးဆီကလည်း ဆိုင်တိုင်းလိုလို၊ ကုမ္ပဏီတိုင်းလိုလို အပြည့်အဝရနေတာတော့ မဟုတ်ပါဘူး။ ပြတ်နေတဲ့၊ မရတဲ့ဆိုင်တွေဟာလည်း ဒီဇင်ဘာ လဆန်းပိုင်းကစလို့ အခုချိန်ထိ ပိတ်ထားဆဲဖြစ်ပါတယ်။

 

ဒီဇင်ဘာ လဆန်းပိုင်းကနေ ပြီးခဲ့တဲ့ရက်ပိုင်းအထိ စက်သုံးဆီတွေဝယ်မရလို့ ရန်ကုန်နဲ့ မြို့ကြီးတချို့ကလူတွေ အတော်လေး ဒုက္ခပင်လယ်ဝေခဲ့ရပါသေးတယ်။ မနက်၊ နေ့လယ်၊ ညနေမှာ မရလို့ ညနက်သန်းခေါင်ကနေ မနက် ဝေလီဝေလင်းအချိန်အထိ တန်းစီဝယ်ခဲ့ကြရတဲ့ အထိပါပဲ။

 

“အဲဒီလိုဖြစ်ဖြစ်ချင်းတစ်ပတ်လောက် ညဘက်ပါ တန်းစီရတယ်။ တစ်ညလုံးသွား‌စောင့်ရပြီး မနက်စောစော သူတို့ရောင်းမှ ထည့်ရတယ်။ နေ့လယ်ဘက်တွေစီရရင် ကိုယ့်အလှည့်ရောက်မှ မရဘဲ လှည့်ပြန်ရတာမျိုးတွေ ရှိတယ်။ အခုရက်ပိုင်းတော့ သိပ်မတန်းစီရတော့ဘူး။ ဆိုင်တိုင်းတော့ အချိန်ပြည့်ရနေတာမဟုတ်ဘူး။ ပြတ်တဲ့အခါဆို သူတို့ဆိုင်ပိတ်ထားတယ်” လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတစ်ဦးက ပြန်ပြောင်းပြောပြပါတယ်။

 

အခုလက်ရှိ စက်သုံးဆီဆိုင်ကြီးတချို့မှာ အောက်တိန်း 92 တစ်လီတာ ၂၄၄၅ ကျပ်နဲ့ လိုသလောက် ရောင်းချပေးနေတဲ့အကြောင်း ရန်ကုန်မြို့က ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။

 

“တန်းစီစရာမလိုတော့ဘူး။ အပြည့်ရပြီ။ ပန့်ဆိုင်(စက်သုံးဆီဆိုင်ကြီး)တွေမှာ လိုချင်သလောက် ဝယ်လို့ရနေပြီ” လို့ ရွှေပြည်သာမြို့က ဘေးတွဲဆိုင်ကယ်ပြေးဆွဲသူတစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့ အောက်တိန်း 95 က လိုသလောက် မရောင်းပေးသေးသလို ရိုးရိုးဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်တွေကတော့ ပြတ်လပ်နေတယ်လို့ ၎င်းတို့က ပြောပါတယ်။ အခုလက်ရှိ စက်သုံးဆီဆိုင်ကြီးတွေမှာ ရောင်းချပေးနေတဲ့ စက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၂၄၄၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၅၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၁၈၅ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် တစ်လီတာ ၂၂၄၀ ကျပ်တို့ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ဒီဇယ်ပြတ်လပ်နေတာကြောင့် တချို့ဆိုင်တွေမှာ အောက်တိန်း 92 နဲ့ 95 တို့ကို ရောင်းချပေးနေပေမယ့် ဒီဇယ်တွေကိုတော့ ဈေးမဖွင့်သလို အရောင်းလည်း ပိတ်ထားတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

 

ဆိုတော့ စစ်ကောင်စီလက်ထက် မပြတ်ရရင်မနေနိုင် စက်သုံးဆီနဲ့ စက်သုံးဆီကြောင့် မတက်ရရင် မနေနိုင်တဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေက ဘယ်လိုဆက်ဖြစ်နေဦးမှာပါလဲ။

အခုပြန်ရလာတဲ့ အောက်တိန်း စက်သုံးဆီတွေကရော ဘယ်အချိန် ပြန်ပြတ်ဦးမှာပါလဲ။

မှန်းမရတဲ့ စစ်ဖိနပ်အောက်မှာ စီးပွားရေးဈေးကွက်ကိုလည်း ဘယ်သူမှ မမှန်းဆနိုင်တာ အမှန်တရားပါပဲ။

 

ဓာတ်ပုံ – ကိုထက်