စာမေးပွဲခေါင်းလောင်း စက္ကန့် ၉၀ စောတီးမှုကြောင့် တရားစွဲခံရသည့် တောင်ကိုရီးယား အစိုးရ

Author လင်းနွေဦး
Categories
Published on Dec 21, 2023

တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တွင် စာမေးပွဲမပြီးဆုံးမီ တစ်မိနစ်ခွဲစော၍ ခေါင်းလောင်းတီးခဲ့သဖြင့် အစိုးရကို စာမေးပွဲဖြေဆိုသည့်ကျောင်းသားများက ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၉)ရက်အင်္ဂါနေ့က တရားစွဲဆိုလိုက်ကြောင်း နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရသည်။

 

ယခုဖြစ်ရပ်သည် တောင်ကိုရီးယားနိုင်ငံ၏ ကျော်ကြားပြီး အောင်မြင်ရန် ခက်ခဲလှသည့် Suneung (ဆူနန်း)စာမေးပွဲကို ဖြေဆိုစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံအနှံ့မှ ကျောင်းသားပေါင်း ၅ သိန်းကျော် ဝင်ရောက်ဖြေဆိုသည့် စာမေးပွဲစစ်ဆေးချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

 

စာမေးပွဲဖြေဆိုသည့် ကျောင်းသားများအနက်မှ (၃၉)ယောက်သည် ပထမဆုံးဘာသာရပ် ဖြေဆိုနေစဉ် စာမေးပွဲမပြီးဆုံးမီ တစ်မိနစ်ခွဲစော၍ ခေါင်းလောင်းထိုးခဲ့မှုကြောင့် ဖြေဆိုထားသည်များကို ပြန်လည်စစ်ဆေးချိန်ပင် မရရှိခဲ့ဘဲ စာရွက်များကို သိမ်းဆည်းခံခဲ့ရကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေက ဒေသတွင်းမီဒီယာများကို ပြောကြားသည်။

 

“ကျောင်းသားတွေက သူတို့ရဲ့ကျန်ရှိတဲ့အချိန်အတွင်း အာရုံစိုက်ခွင့်မရရှိခဲ့တာကြောင့် ဒေါသထွက်နေကြပါတယ်။ တချို့က အလျှော့ပေး အိမ်ပြန်ခဲ့ကြတယ်” ဟု ဒေသမီဒီယာဖြစ်သည့် Yonhap မီဒီယာက ဖော်ပြသည်။

 

ကျောင်းသားများက ၎င်းတို့၏ နစ်နာကြေးအတွက် စာမေးပွဲဖြေဆိုရန် ပြန်လည်တက်ရောက်ရမည့် တစ်နှစ်စာ ပညာရေးကုန်ကျစရိတ်အဖြစ် တစ်ဦးလျှင် ကိုရီးယားဝမ် သန်း ၂၀(အမေရိကန် ဒေါ်လာအားဖြင့် ၁၅,၄၀၀၊ စတာလင်ပေါင်အားဖြင့် ၁၂,၀၀၀)ကို တောင်းဆိုထားကြောင်း ၎င်းတို့၏ ရှေ့နေဖြစ်သူ ပြောပြချက်အရ သိရကြောင်း BBC ကမ္ဘာ့သတင်းတွင် ဖော်ပြသည်။

 

ထိုကိစ္စရပ် ဖြစ်ပွားချင်းချင်းပင် ကျောင်းသားအချို့က ဆန္ဒပြခဲ့ကြသော်လည်း စာမေးပွဲခန်းကြီးကြပ်သူများက ၎င်းတို့၏ အဖြေလွှာများကို သိမ်းဆည်းခဲ့ကြောင်း၊ ဆရာမများက ပြဿနာကိုသိရှိခဲ့ကာ နောက်ထပ်ဘာသာရပ် မဖြေဆိုမီ နေ့လယ်စာနားချိန်၏ တစ်မိနစ်ခွဲကို အစားထိုးပေးရန်စီစဉ်ပေးခဲ့သော်လည်း ဖြေဆိုထားသည်များကို ပြန်လည်ပြင်ဆင်ခွင့်မပေးခဲ့ဘဲ ချန်ထားခဲ့သည့် နေရာလွတ်များကိုသာ ဖြည့်သွင်းရန်ခွင့်ပြုခဲ့ကြောင်း ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

လက်ရှိဖြစ်စဉ်ကို ပညာရေးအာဏာပိုင်များက တောင်းပန်ခဲ့ခြင်းမရှိကြောင်း ကျောင်းသားများ၏ ရှေ့နေဖြစ်သူပြောပြချက်အရသိရပြီး တောင်ကိုရီးယားက နာမည်ကျော် KBS မီဒီယာကမူ အာဏာပိုင်များကိုမေးမြန်းမှုအရ စာမေးပွဲစစ်ဆေးရာစင်တာ၏ တာဝန်ရှိသူက အချိန်မှားကြည့်မိခြင်းဖြစ်သည်ဟု ဖော်ပြသည်။

 

ယခုကဲ့သို့ ကျောင်းသားများက အစိုးရသို့တရားစွဲဆိုမှုသည် တောင်ကိုရီးတွင် ပထဆုံးအကြိမ် မဟုတ်တော့ဘဲ ပြီးခဲ့သည့် ၂၀၂၁ ဆူနန်း စာမေးပွဲဖြေဆိုချိန်အတွင်း ၂ မိနစ်စော၍ ခေါင်းလောင်းတီးခဲ့မှုကြောင့် တရားစွဲဆိုခဲ့သည့်ကျောင်းသားများကို ဝမ် ၇ သန်း နစ်နာကြေးပေးခဲ့ရသည့် ဖြစ်ရပ်မျိုးရှိခဲ့ဖူးသည်။

 

အလားတူ ၂၀၁၂ ခုနှစ်၌ တရုတ်တွင် အမျိုးသားကောလိပ် ဝင်ခွင့်စာမေးပွဲဖြေဆိုချိန်အတွင်း ၄ မိနစ် နှင့် ၄၈ စက္ကန့်စောကာ ခေါင်းလောင်းတီးခဲ့မှုကြောင့် ပညာရေးနယ်ပယ်မှ အမျိုးသားတစ်ဦး တစ်နှစ်တိတိ တာဝန်မှရပ်ဆိုင်းခံခဲ့ရဖူးသည်။