မုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှဒေသခံများကို စစ်ကောင်စီမောင်းထုတ်မှုကြောင့်ရွာလုံးကျွတ်ရွှေ့ပြောင်းနေရ

Author လင်းခိုင်
Categories
Published on Sep 13, 2022

မုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ ဒေသခံများကို စစ်ကောင်စီက မောင်းထုတ်မှုကြောင့် ရွာလုံးကျွတ်ရွှေ့ပြောင်းနေရကြောင်း KNUက ယနေ့တွင်ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းသည် ကေအဲန်ယူ မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ် မြေအတွင်းရှိ တမာခေါနှင့် တောင်စုကျေးရွာရှိ ရပ်မိရပ်ဖများကိုခေါ်တွေ့ကာ ဒေသခံများကို ရွာမှထွက်ခွာရန် မထွက်ခွာပါက မီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ဒေသခံများသည် စက်တင်ဘာ၁၂ရက်တွင် အိမ်ခြေ ၆၁လုံး လူဦးရေ ၃၃၄ဦးရှိသည့် တမာခေါကျေးရွာမှ ဒေသခံများသည် ကြောက်ရွံ့ကာ ရွာလုံးကျွတ်ထွက်ခွာပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာနှင့်အနီးအနားကျေးရွာများသို့ရွှေ့ပြောင်းနေထိုင်နေရသည်။

တောင်စုကျေးရွာမှာ ကေအဲန်ယူ မုန်းမြို့နယ်ရှိ တာဝန်ရှိတောင်းခေါင်မှ စီမံထိန်းသိမ်းပြီး မိမိတို့၏ကျေးရွာတွင်သာ နေထိုင်ခိုင်းထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မုန်းမြို့နယ်တွင် စစ်ဘေးရှောင်ရသည့် ကျေးရွာ ၄၆ရွာ အိမ်ခြေ ၂၁၁လုံးနှင့်လူဦးရေ ၁၂၄၅၃ဦးထိရှိပြီဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များအနက် ယခုနှစ် သြဂုတ်လမှစက်တင်ဘာ ၁၃ရက်ထိ စစ်ဘေးရှောင်ဦးရေ ၆၂၁၆ဦးထိရှိကြောင်းသိရသည်။