ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က တစ်ပတ်ကျော်အတွင်း ကျေးရွာသုံးရွာကို မီးရှို့

Author မောင်ဒဂုံ
Categories
Published on Sep 13, 2022

ဘုတလင်နယ်ထဲ စက်တင်ဘာလ ၅ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည့် တစ်ပတ်ကျော်အတွင်း ကျေးရွာသုံးရွာအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၅ရက်တွင် ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံ ရွာသားများ၏ နေအိမ် အလုံး ၂၀ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၄င်းကျေးရွာမှ ဒေသခံရွာသားသုံးဦးကိုလည်း စစ်ကောင်စီတပ်များက သတ်သွားခဲ့သည်ဟု ဒေသတွင်း သတင်းကွန်ယက်များက ဖော်ပြသည်။

“ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာကို အကြမ်းဖက်စခ များမီးရှို့ရာတွင် နေအိမ်(၂၀) မီးလောင်ပီး ပြည်သူ ( ၃ ) ဦးအသတ်ခံရဟု သတင်ရရှိ။” ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

အသတ်ခံရသည့် အရပ်သားများနှင့် ပတ်သတ်၍ အသေးစိတ် အချက်အလက်များကို အတည်ပြု၍ မရသေးပေ။

စက်တင်ဘာ၆ရက်တွင်လည်း အင်အား ၄၀ခန့် ရှိမည့် စစ်ကောင်စီ စစ်ကြောင်းသည် နံနက် ၈နာရီခန့်တွင် ထနောင်းကုန်းကျေးရွာသို့ ရောက်လာခဲ့ပြီး ယင်းနောက် တွင်းတောင်ရွာဘက် ထွက်ခွာ၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ တွင်းတောင်ရွာမှ နေအိမ် သုံးလုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီ တပ်များကို ဒေသကာကွယ်ရေးတပ်များကလည်း ပျောက်ကြား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၇ရက်တွင် ဘုတလင်မြို့နယ်ဘက်သို့ လာနေသည့် စစ်ကောင်စီ စစ်ကားတစ်စီးကို ဒေသကာကွယ်ရေး တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်များ၏ ပစ်ခတ်မှုကြောင့် တော်လှန်ရေး တပ်သားတစ်ဦး ကျည်ထိမှန် ဒဏ်ရာဖြင့် လဲကျနေသည်ကို စစ်ကောင်စီ တပ်များက လမ်းမ၌ တရွတ်တိုက်ဆွဲကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်၍ သတ်ပစ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၈ရက်တွင်လည်း ကူတော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးရန်လာသည့် အင်အား ၁၀၀ခန့်ရှိမည့် စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်များက ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်သား ၂၀ခန့် သေဆုံးနိုင်သည်ဟု ဒေသခံများက ဆိုသော်လည်း သီးခြားအတည်ပြု၍ မရပေ။

ကူတော်ကျေးရွာသို့ သွားမည့် စစ်ကောင်စီတပ်များသည် မြေပြင်၌ မကြာခဏ တိုက်ခိုက်မှုများခံနေရ၍ စက်တင်ဘာ ၁၂ရက်မှ သာလျင် ရဟတ်ယာဥ် ဖြင့် ပို့ဆောင်၍ ကူတော်ကျေးရွာသို့ ရောက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်များသည် ယနေ့ နံနက်ပိုင်းတွင်လည်း ဘုတလင်မြို့နယ်မှ အင်အား ၅၀ခန့်ဖြင့် ထွက်လာကာ ပဲမြစ်တောကျေးရွာ၌ နံနက် ၆နာရီခန့်ကစပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ထို့ကြောင့် ပဲမြစ်တော ကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်လျက်ရှိကြောင်း သိရသည်။