မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒီဇင်ဘာ ၁၃ ရက်က သိမ်းပိုက်နိုင်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ကျောင်းသားတပ်မတော် ABSDF က ထုတ်ပြန်သည်။
မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအလောင်း ၁၄ လောင်းနှင့် စစ်သုံ့ပန်း ခုနစ်ဦး အပြင် လက်နက်ငယ်၂၁ လက်၊ ခြောက်လုံးပြူး တစ်လက်၊ နင်းမိုင်း ငါးလုံး၊ လက်ပစ်ဗုံး၂၄ လုံး၊ G3 ကျည် ၃၀၀၀ ကျော်၊ MA ကျည် ၃၀၀ ကျော်၊ ၉ မမ ကျည် ၂၀၀ ကျော်၊ ရာဘာကျည် ၃၀ တောင့် ၊ G3 ကျည်ဘောက် ၄၂ ဘောက်၊ MA ကျည်ဘောက် ခြောက်ဘောက်၊ အူဇီကျည်ဘောက် ၆ ဘောက်၊ ကွန်ပျူတာ တစ်လုံး၊ ဖုန်းနှစ်လုံး၊ ဆက်သွယ်ရေးစက် တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်ဘက်က ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကသာခရိုင်ရှိ မော်လူးမြို့ကို အမှတ်(၁)စစ်ဒေသ ABSDF စစ်ကြောင်း (၁)နှင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO၊ KPDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်း၍ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် သန်းခေါင်ယံ ၂ နာရီခွဲ အချိန်မှစတင်၍ မော်လူးရဲစခန်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခွဲ အချိန်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လောလောဆယ် ရန်သူထိုးစစ်က ရှိလာနိုင်သေးတော့ စိတ်ချရတဲ့အနေအထားမဟုတ်သေးပါဘူး။ မိုးညှင်းဘက်ကတော့ စစ်ကူလာဖို့ ပုံရှိနေလို့ ပြင်ဆင်ထားမှုတွေပဲ လုပ်နေပါတယ်။ ကျန်တဲ့ နယ်မြေရှင်းတာတွေ ဆက်လုပ်နေပါတယ်” ဟု ABSDF မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ မော်လူးရဲစခန်းကို တပ်ပေါင်းစုမှ တိုက်ခိုက်နေစဥ် မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးရှိ အမတ- ၉၀၄ အမြှောက်တပ်မှ ဟောင်ဝပ်ဇာများဖြင့် တရစပ် ပစ်ခတ်ကူခဲ့ကြောင်း သိရသည်။
ထို့ပြင် မော်လူးမြို့ကို သိမ်းပိုက်ပြီးချိန် နံနက် ၇ နာရီကျော်တွင် စစ်ကောင်စီဘက်က လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ ပွိုင့်ဖိုက်ဖြင့် ပစ်ခြင်းတို့ဖြင့် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် လေကြောင်းအန္တရာယ်ရှိနေသေး၍ မော်လူးမြို့ရှိ ပြည်သူ ၁ သောင်းဝန်းကျင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လူထုက ၄ ပုံ ၁ ပုံနီးနီးတော့ မြို့ထဲမှာ ရှိနေကြသေးတယ်။ အိမ်ကိုစိတ်မချတာ၊ ပစ္စည်းတွေစိတ်မချတဲ့ လူတွေကတော့ အစောင့်လေးတွေကတော့ကျန်တုန်းပေါ့ဗျာ” ဟု ABSDF မြောက်ပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီ လက်အောက်ခံများအနေဖြင့် အမြန်ဆုံးအလင်းဝင်ကြရန် ABSDF က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – Northern ABSDF