ထိုင်းရောက် မြန်မာများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဆောင်ရန် စစ်ကောင်စီသံရုံးထုတ်ပြန်

Author မင်းထက်
Categories
Published on Dec 14, 2023

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါး၍ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ လစာ၏ ၂ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ထမ်းဆောင်ရမည်ဟု ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီ၏ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဘန်ကောက်)က ထုတ်ပြန်သည်။

 

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနက် စက်ရုံ/အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ရာခိုင်နှုန်း အရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဟု စစ်ကောင်စီသံရုံးက ဆိုသည်။

 

ထိုသို့ လစဉ်အခွန် အခွန်ဆောင်ပါက ဘတ် ၁၅၀ နှင့် ညီမျှသည့် မြန်မာငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရမည်ဟု စစ်ကောင်စီသံရုံးက မက်လုံးပေးသည်။

 

ထို့ပြင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ(ရေကြောင်းကုမ္ပဏီအပါအဝင်)၊ ဆေးရုံများ၊ တက္ကသိုလ်/ကောလိပ်များ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ စက်ရုံ/အလုပ်ရုံအင်ဂျင်နီယာများ စသည့် White Collar များ၏ လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားပါက ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ရငွေမှ နုတ်၍ ကျန်ငွေကိုသာ ပေးသွင်းရမည်ဖြစ်ကြောင်း၊ ဥပမာ- လစာ ဘတ် ၈၀,၀၀၀၊ ထောက်ပံ့စရိတ် ဘတ် ၁၀,၀၀၀၊ စုစုပေါင်း ဘတ် ၉၀,၀၀၀ ရရှိသူသည် အခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ဘတ် ၁,၈၀၀ ပေးဆောင်ရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ အခွန် ၉၇၈ ဘတ် ပေးဆောင်ထားရသဖြင့် မြန်မာနိုင်ငံသို့ ၈၂၂ ဘတ်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

White Collar အခွန်ထမ်းများအနေဖြင့် မြန်မာသံရုံးသို့ အခွန်လာရောက်ထမ်းဆောင်မည်ဆိုပါက သက်ဆိုင်ရာကုမ္ပဏီ/ဌာန၏ Pay Slip သို့မဟုတ် Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လုပ်သားတစ်ဦးလျှင် ယခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တစ်လလျှင် ၁၅၀ ဘတ်နှုန်းဖြင့် ၃ လစာ၊ ၄၅၀ ဘတ် အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ လစဉ်၊ သို့မဟုတ် ၃ လတစ်ကြိမ်၊ သို့မဟုတ် ၆ လ တစ်ကြိမ်၊ သို့မဟုတ် ၉ လတစ်ကြိမ် ပေးသွင်းနိုင်ကြောင်း ဆိုထားသည်။

 

ဓာတ်ပုံ – Myanmar Embassy Bangkok