ဂါဇာစစ်ပွဲ နိုင်ငံတကာ ထောက်ခံမှု မရှိလည်း ဆက်လက်ဆင်နွှဲမည်ဟု အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးပြော

Author ဇက်
Categories
Published on Dec 14, 2023

ပါလက်စတိုင်း-အစ္စရေး နယ်စပ် ဂါဇာဒေသအတွင်း လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ဟားမက်စ် စစ်ပွဲကို နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု ရှိရှိ၊ မရှိရှိ ဆက်လက်လုပ်ဆောင်သွားမည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီ ကိုဟမ် Eli Cohen က ပြောကြားသည်။

 

လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခတွင်း အပစ်အခတ်ရပ်နားပေးထားခြင်းကပင် ဟားမက်စ်တို့အတွက် ဆုလာဘ်သဖွယ် ဖြစ်နေကြောင်းနှင့် ထိုဆုလာဘ်ကို လာပြန်ပေးအပ်နိုင်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။

 

အစ္စရေးအစိုးရအနေဖြင့် ဂါဇာကမ်းမြှောင်ဒေသတွင် ၎င်းတို့စစ်တပ်က ကျူးလွန်ခဲ့သည့်အတွက်ကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်းပြည်သူ အရေအတွက်များ တစ်နေ့တခြား ဆထက်တိုး များပြားလာခြင်းနှင့် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် နိုင်ငံတကာမှ ဖိအားများ ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင်လည်း လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဂါဇာ စစ်ပွဲကို တမဟုတ်ချင်း အပစ်အခတ်ရပ်ဆဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် ချခဲ့ကြသည်။

 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အစ္စရေးအနေဖြင့် အရပ်ဘက်၊ စစ်ဘက် ခွဲခြားခြင်း မရှိဘဲ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတကာ၏ ထောက်ခံမှု လျော့နည်းကျဆင်းလာရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့အထိ ဂါဇာကမ်းမြောင်၏ မြောက်ဘက်နှင့် တောင်ဘက်ပိုင်း ဒေသများတွင် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ယာယီတဲများတွင် နေထိုင်နေရသည့် အိုးအိမ်စွန့်ခွာထွက်ပြေးလာသော ပါလက်စတိုင်း စစ်ရှောင်ပြည်သူများအတွက် အခြေအနေ ပိုမိုဆိုးရွာလာခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

 

ပါလက်စတိုင်းနယ်မြေသည် ၎င်း၏ဆေးဘက်ဆိုင်ရာစနစ်ပြိုကျမှုနှင့် ကူးစက်ရောဂါများ ပြန့်ပွားမှုတို့ကြောင့် ပါလက်စတိုင်းနယ်မြေတွင် “ပြည်သူ့ကျန်းမာရေးဘေးဥပါဒ်” ကြုံတွေ့ရကြောင်း ကုလသမဂ္ဂအကြီးတန်းအကူအညီပေးရေးအရာရှိတစ်ဦးကလည်း သတိပေးခဲ့သည်။

 

လက်ရှိတွင် စစ်ရှောင်ဒေသအတွင်း ဆေးဘက်ဆိုင်ရာ စနစ်များ ပြိုလဲပျက်စီးကာ ကူးစက်ရောဂါများ ပြန့်ပွားမှုမြင့်တက်လာသည့်အတွက် ပါလက်စတိုင်းပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ၏  အကြီးတန်းအရာရှိ တစ်ဦးက သတိပေးပြောကြားသည်။

 

အစ္စရေး-ဂါဇာ စစ်ပွဲသည် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်တို့၏ ရုတ်ချည်းတိုက်ခိုက်မှုမှ စတင်ခဲ့ခြင်းဖြစ်ပြီး အစ္စရေးပြည်သူ ၁၂၀၀ ခန့် သေဆုံးခဲ့သည်။ ထိုအချိန်မှ စ၍ အစ္စရေးဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူ ၁၈,၆၀၀ ခန့် သေဆုံးခဲ့ပြီး သေဆုံးအရေအတွက်၏ ၇၀ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း ဟားမက်စ်တို့၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ  – BBC