ကျောက်တံခါးတွင် ရထားလမ်းမိုင်းခွဲခံရ၍ ရထားတွဲ ပြေးလမ်းချော်တိမ်းမှောက်၊ KNLA နှင့် PDF လက်ချက်ဟု စစ်ကောင်စီစွပ်စွဲ

Author ခေတ်နီ
Categories
Published on Dec 14, 2023

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ရထားလမ်းမိုင်းခွဲခံရ၍ ပြေးလမ်းချော်ကာ ရထားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီဘက်က ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

 

ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင် ၁၀၃ နှင့် ၁၀၄ ကြားအရောက်တွင် လမ်းပေါက်ကွဲမှုဖြစ်ပြီး ရထားစက်ခေါင်းအပါအဝင် လူစီးတွဲ သုံးတွဲလမ်းချော်ခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

 

ထိုမိုင်းဆွဲတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်တို့မှ လုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားပြီး ပူးပေါင်းတပ်များဘက်ကမူ တစ်စုံတရာ ထုတ်ပြန်‌ပြောဆိုခြင်းမရှိသေးပေ။

 

ထိုမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကျောက်တံခါးနှင့် ပိန်းဇလုပ်ကြားရှိ ရထားလမ်းပိုင်းကို ပိတ်ထားရပြီး ရထားလေးစီးမှ ခရီးသည် ၉၀၀ ကျော် လမ်းခရီးကြန့်ကြာမှုရှိခဲ့ကြောင်း စစ်ကောင်စီက ပြောဆိုသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇    ရက်ကလည်း ကျောက်တံခါးမြို့နယ်အတွင်းရှိ ရထားလမ်းပိုင်းမိုင်းဆွဲခံရဖူးပြီး ၎င်းတို့အာဏာသိမ်းပြီးနောက်ပိုင်း ရထားလမ်းနှင့် ဘူတာနယ်မြေအတွင်း ၁၂၉ ကြိမ်အထိ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း စစ်ကောင်စီက ဆိုသည်။