Night out ခွင်သစ်နဲ့ ဟန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံများ

Author ကိုထားဝယ်၊ ကိုထက်
Categories
Published on Dec 14, 2023

Night out ဆိုတဲ့ စကားရပ်ကို လူငယ်အတော်များများ သိကြပေမယ်။ ညဘက် အပြင် ထွက်လည်ခြင်းကို ဆိုလိုပါတယ်။

 

အဲဒီလိုပဲ ရန်ကုန်နဲ့ မန္တလေးတို့က စစ်ကောင်စီ တပ်သားတွေဟာလည်း Night out ထွက်ရင်း ခွင်သစ်တစ်ခုရလို့နေပါတယ်။

 

ဘာခွင်သစ်ပါလဲ။

 

စစ်တပ်အုပ်စိုးစဉ်ကစလို့ လာဘ်စားမှု(ဝါ)ခွင်တွေ များစွာ ရှိနေတာပါ။ အခုတော့ စက်သုံးဆီပြတ်လပ်မှုက သူတို့အတွက် ခွင်သစ်ဖြစ်လို့နေပါပြီ။

 

တိုတိုပြောရရင် ညဘက် စက်သုံးဆီတန်းစီသူတွေဆီက ငွေညှစ်နေတာပါ။

 

လက်ရှိ ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း စက်သုံးဆီပြတ်လပ်ခြင်းဆိုတဲ့ ဒုက္ခနဲ့ ကြုံနေရတာပါ။ ဒါကြောင့် မော်တော်ယာဉ်နဲ့ စက်အသုံးပြုသူတွေဟာ စက်သုံးဆီ ရလိုမှုနဲ့ နေ့ဘက်တွေသာမက ညဘက်တွေမှာပါ တန်းစီပြီး ဝယ်ယူနေကြရပါတယ်။

 

ဒီလို ပြည်သူတွေရဲ့ ဒုက္ခကို စစ်ကောင်စီတပ်သားနဲ့ ယာဉ်ထိန်းရဲ အပေါင်းအပါတစ်စုက အမြတ်ထုတ်ယူနေကြပါတယ်။

 

သူတို့ဟာ ရန်ကုန်မှာဆိုရင် ညဘက်စက်သုံးဆီတန်းစီရာကနေ ပြန်လာတဲ့ ကား၊ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်သလို မန္တလေးမှာဆိုရင်လည်း ကား၊ တုတ်တုတ်(အများအခေါ်)(ဝါ)မီနီအိုးဝေတွေကို ဖမ်းဆီးငွေညှစ်နေကြတာပါ။

 

ရန်ကုန်မြို့မှာတော့ ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာစတဲ့မြို့နယ်တွေမှာ ဒီလိုဖမ်းဆီးငွေညှစ်မှုတွေပြုလုပ်နေတဲ့အကြောင်း CJ Platform သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

 

“မနက်ကျမှထည့်ရင် တော်တော်နဲ့မရလို့ မနက်ဆွဲလို့ရအောင် ညဘက်သွားထည့်တာလေ။ ပြန်လာတော့လမ်းမှာ ယာဉ်ထိန်းရော၊ စစ်တပ်လည်းပါတယ်။ ကားနဲ့ လိုင်စင်ပြ၊ ဝှီးတက်ပြခိုင်းနဲ့ သူတို့ဖမ်းနေကျအတိုင်းပေါ့။ ပိုက်ဆံတောင်းတာပဲပေါ့” လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

 

ဒီလိုပဲ ဘေးတွဲဆိုင်ကယ်တွေကိုလည်း ဘေးတွဲသိမ်းမယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်မှုတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်နေပါတယ်။

 

“ဘေးတွဲဆွဲရတာက ဆွဲမကောင်းရတဲ့ကြားထဲ ညက ဆီထည့်ပြီးပြန်လာတော့ ကားနဲ့ ရပ်ပြီးတော့ကို တားပြီး၊ မမောင်းရဘူးဆိုတာ မသိဘူးလား။ ဘာညာနဲ့ မူးနေကြပြီးတော့ကို ဘေးတွဲသိမ်းမယ်၊ ဘာမယ်လုပ်လို့ ပေးခဲ့ရတယ်။ လက်ထဲပါသမျှပိုက်ဆံ” လို့ လှိုင်သာယာမြို့နယ်က ဘေးတွဲမောင်းသူတစ်ဦးက ပြောပါတယ်။

 

အဲဒီလိုပဲ ညဘက်ဆီထည့်ပြီး ပြန်လာချိန် ကြုံတွေ့ခဲ့ရပုံကို ရွှေပြည်သာမြို့နယ်က အမျိုးသမီးတစ်ဦးက အခုလိုပဲ ပြောပြပါတယ်။

 

“ကျွန်မတို့ပြန်လာတော့ ၁ နာရီကျော်လောက်ရှိပြီ။ လှော်ကား တာဇုန်နားက ဆီဆိုင်မှာ ဆီဖြည့်ပြီးလို့ ပြန်လာတဲ့အချိန် မောင်းနေရင်း တစ်ဖက်လမ်းကြောက ကောင်လေးတွေက ရှေ့ဆက်မသွားဖို့သတိပေးတာနဲ့ မသွားဘဲ ဘာဖြစ်လို့ မသွားခိုင်းတာလဲ မေးကြည့်တော့ ရှေ့မှာဖမ်းနေတယ်လို့ပြောတယ်” လို့ သူမက ပြောပါတယ်။

 

အဲဒါနဲ့ ဘယ်လို ဖမ်းတာလဲလို့ ဆက်လက်မေးမြန်းကြည့်ရာမှာတော့ “သူတို့လည်း အဖမ်းခံခဲ့ရပြီး လူငယ်များဖြစ်တဲ့အတွက် မှတ်ပုံတင်၊ ကားမောင်းလိုင်စင်၊ ဘီးခွန်(ဝှီးတက်)တို့ကို ပြခိုင်းပြီး မနက်မှ ရုံးမှာ လာရွေးလို့ပြောသလို တခြားကား‌က လူတွေကိုလည်း အဲဒီလို တောင်းယူထားပြီး နောက်နေ့မှ ငွေနဲ့ လာရွေးဖို့ ပြောဆိုလိုက်တဲ့‌အကြောင်း” ပြောပြပါတယ်။

 

စစ်ကောင်စီနဲ့ ယာဉ်ထိန်းရဲ အပေါင်းအပါတွေဟာ မာရှယ်လော ညမထွက်ရ အမိန့်ကို အကြောင်းပြ ခြိမ်းခြောက်ငွေညှစ်ကြတာဖြစ်ပါတယ်။

 

“ဒီအချိန်မထွက်ရဘူးဆိုတာ မသိဘူးလား။ ဖမ်းပြီး ထောင်ထဲ ထည့်လိုက်လို့ရတယ်” ဆိုပြီး ပြောသေးတဲ့အကြောင်း ရွှေပြည်သာမြို့ခံ အမျိုးသမီးက ပြောပြပါတယ်။

 

အဲဒါကြောင့် သူမတို့အဖွဲ့ဟာ အဖမ်းခံရမှာစိုးရိမ်တဲ့အတွက် ည ၃ နာရီကျော်တဲ့အထိ မှောင်ပြီး လူသူကင်းတဲ့တစ်နေရာမှာ စောင့်ဆိုင်းပြီးမှ အိမ်ကို ပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ဆီတွေ လိုသလောက်ရနေပြီလို့ စစ်ကောင်စီ လော်ဘီတွေက သတင်းလွှင့်ကြပေမယ့် တကယ်တမ်း စက်သုံးဆီရဖို့ ခက်ခဲနေကြဆဲဆိုတာကို ဒီလိုဖြစ်ရပ်တွေက မီးမောင်းထိုးပြနေတာပါ။

 

အဲဒီလိုနဲ့ ပြည်သူတွေရဲ့ ဒုက္ခဟာ စစ်ကောင်စီ လက်အောက်ခံ တပ်သားတွေရဲ့ သုခလိုတစ်မျိုး ငွေရပေါက်လို တစ်ဖုံ ဖြစ်လို့နေပါတယ်။

 

ဒါကြောင့် Night out ခွင်သစ်နဲ့ စစ်ကောင်စီတပ်သားတွေ ဟန်ကျလို့နေပါတယ်။

 

ဒုက္ခအတိတွေ့နေတဲ့ ပြည်သူတွေကို ဘယ်သူကူမလဲ။ ဘယ်သူများ ကူညီနိုင်ပါမလဲ။ ဖြေပါ။