စစ်ကောင်စီတပ်များ ဖမ်းဆီးထားသည့် ဇီးကနားကျေးရွာမှ ဆယ်တန်းကျောင်းသူ ၆ရက်ကြာသည်ထိ ပြန်မလွတ်သေး

Author မောင်ဒဂုံ
Categories
Published on Sep 13, 2022

စစ်ကောင်စီတပ်များ စက်တင်ဘာလ ၈ရက်နေ့ကတည်းက လက်ပြန်ကြိုးတုပ် ဖမ်းခေါ်သွားသည့် ကိုးတောင်ဘို့နယ်၊ ဇီးကနားကျေးရွာမှ ဆယ်တန်းကျောင်းသူ မသဇင်မိုးသည် ၆ရက်ကြာသည်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

စက်တင်ဘာ ၈ရက်တွင် ဇီကနားကျေးရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်များသည် အသက် ၁၇နှစ်အရွယ် ဆယ်တန်ကျောင်းသူ မသဇင်မိုး အပါအဝင် လူငယ်လေးဦးကို လက်ပြန်ကြိုးတုပ် ဓားစားခံပြုလုပ်ကာ ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသည့်ထဲတွင် ဒေသခံရွာသားများလည်း ပါဝင်ပြီး ၄င်းတို့ကိုမူ စစ်ကောင်စီ တပ်များက ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ အသက် ၁၇နှစ်အရွယ်ရှိ ဆယ်တန်းကျောင်းသူ မသဇင်မိုး၊ အသက် ၁၉နှစ်အရွယ် မောင်ဖိုးထက်၊ အသက် ၂၃နှစ်အရွယ် မောင်ဖိုးချွန်(ခ) နိုင်ထွန်းနှင့် အသက် ၂၈နှစ်အရွယ် မောင်အောင်ကျော်တင့်တို့ ဖြစ်သည်။

အဆိုပါ လူငယ် လေးဦးကို စစ်ကောင်စီ တပ်များက ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ပြီး စက်တင်ဘာ ၉ ရက်တွင် စစ်ကြောင်းနှင့်အတူ ကိုးတောင်ဘို့ စစ်ကောင်စီ အထိုက်ချ စခန်းသို့ ဖမ်းခေါ်သွားခဲ့သည်။

မသဇင်မိုး အပါအဝင် ၄င်း လူငယ်လေးဦးသည် ယင်းသို့ ဖမ်းခေါ်သွားခံရပြီး ၆ရက်ကြာသည် ပြန်မလွတ်လာသေးပေ။

စက်တင်ဘာ ၈ရက်က ဇီးကနားရွာ၌ မသဇင်မိုးနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်မြောက်လာသည့် ရွာသားများက မသဇင်မိုးကို စစ်ကောင်စီတပ်များ ဖမ်းဆီးခံထားသည့် နေရာမှ သူမ၏ အော်ဟစ်အကူအညီတောင်းမှုများကို ကြားခဲ့ရသည်ဟု ဆိုသည်။

မသဇင်မိုးသည် ကိုးတောင်ဘို့နယ် အထက်တန်းကျောင်း၌ ဆယ်တန်း တက်ရောက်နေသူဖြစ်ပြီး ကိုဗစ်ကာလ ကျောင်းပိတ်ချိန်မှစ၍ ခေတ္တကျောင်းမတက်ရပဲ ရှိသည့် ကျောင်းသူတစ်ဦး ဖြစ်သည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာ ၇ရက် မွန်းလွဲ ၂နာရီခန့်၌ ကိုးတောင်ဘို့နယ် အတွင်း ဂျက်လေယာဥ် နှစ်စီးဖြင့် ကျေးရွာများပေါ်သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ရဟတ်ယာဥ်နှစ်စီးဖြင့် ၄င်းတို့၏ တပ်များကို နှောကုန်းကျေးရွာ အနောက်ဘက်၌ နှစ်ကြိမ်၊ လျှော်ဖြူကုန်း ကျေးရွာ အရှေ့မြောက်ဘက်နှင့် ဇီးကနားကျေးရွာ အနောက်ဘက်တို့၌ တစ်ကြိမ်စီ စုစုပေါင်း လေးကြိမ် ပို့ဆောင်ခဲ့သည်။

ထိုသို့ ရောက်ရှိလာခဲ့သည့် စစ်ကောင်စီတပ်များသည် အင်အား ခန့်မှန်းချေ ၁၃၀ခန့် ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

၄င်း စစ်ကောင်စီ စစ်ကြောင်းသည် ယင်းနေ့ ညနေပိုင်းတွင် နှောကုန်းနှင့် ဇီးကနားကျေးရွာများ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်လာခဲ့သဖြင့် ဒေသခံရွာသားများ ထွက်ပြေးခဲ့သော်လည်း အများစုမှာ ရွာအတွင်း ပိတ်မိနေခဲ့သည်။

စစ်ကောင်စီ တပ်များသည် ဇီးကနားကျေးရွာနှင့် နှောကုန်းကျေးရွာတို့၌ အထိုင်ကျ တပ်ဆွဲနေခဲ့ပြီး ညပိုင်းတွင် ဇီးကနားကျေးရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ တပ်များ မီးရှို့ခဲ့သဖြင့် ဇီးကနားကျေးရွာ၌ စာသင်ကျောင်းမှ ဝန်ထမ်းအဆောင်တစ်ခု အပါအဝင် နေအိမ် ၆လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။