စက်တင်ဘာလ ၁၂ ရက်အတွင်း အတည်ပြုလူနာသစ် ၁၈၀၀ ကျော်ထိ ရှိလာ

Published on Sep 13, 2022

မြန်မာနိုင်ငံ၌ ယခု စက်တင်တာဘာလအတွင်း ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှုသည် သိသိသာသာများပြားလာခဲ့ပြီး ၁ ရက် မှ ၁၂ ရက်တာကာလအတွင်း ကိုဗစ်၁၉ အတည်ပြုလူနာသစ် ၁၈၃၅ ဦးထိ ရှိလာခဲ့သည်ကို တွေ့ရှိရသည်။

ယခု အခါ ကူးစက်ပျံ့ပွားလာခဲ့သည့် ကိုဗစ် ၁၉ ရောဂါပိုးသည် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးဖြစ်ပြီး ကူးစက်မြန်ကာ မျိုးပွားမှုနှုန်းမြန်ဆန်ကြောင်း ကိုဗစ်အား လေ့လာစောင့်ကြည့်နေသည့် ဆရာဝန်အချို့က မှတ်ချက်ပေးခဲ့ကြသည်။

အဆိုပါ မျိုးရိုးဗီဇပြောင်းရောဂါပိုးသည် အိမ်နီးချင်းနိုင်ငံများ၌လည်း ယခုချိန်ထိ ကူးစက်ပျံ့ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများထံမှ ပါရှိလာခဲ့ခြင်းဖြစ်ရာ အထူးသဖြင့် ထိုင်း၊ မလေးရှား စင်ကာပူအစရှိသည့် နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါပိုးအများဆုံး တွေ့ရှိခဲ့ရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှပင် သိးခြားဖော်ပြလာခဲ့သည်။ ထိုကြောင့် ပြည်တွင်း၌ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိသူ များပြားလာခဲ့ပြီး ယခု ၁၂ ရက်တာ ကာလအတွင်း ပြည်တွင်းကူးစက်မှု ၁၇၂၉ ဦး ရှိခဲ့ကာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ များထဲမှ ကူးစက်ခံလာရသူ ၁၀၆ ဦး ရှိကြောင်းသိရသည်။

“ကိုဗစ်က ကူးနေပြီလို့ ကြေငြာနေပေမယ့်လည်း ကားပေါ်တွေမှာ Mask မတက်တဲ့ သူတွေ ရှိနေသေးတယ်၊ လမ်းမတွေပေါ်မှာ mask မတပ်တဲ့ သူတွေ ရှိနေသေးတယ်၊ အရင်လို အသံကြားလဲ မကြောက်ကြတော့သလိုပဲ၊ mask တွေကတော့ အသံကြားတာနဲ့ ဈေးတက်တယ်၊ ဆေးတွေလည်းတက်လာတာပဲလေ လူတွေသာ စည်းကမ်းပြန်လိုက်နာသင့်တယ်”ဟု ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်အတွင်း KF 94 တစ်ထုပ်လျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးတပ်လာခဲ့ပြီး၊ 3-layer mask တစ်ဗူးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ အလားတူ ချောင်းဆိုးပျောက်ဆေး၊ ဖျားနာပျောက်ဆေးနှင့် နှာစေးပျောက်ဆေးများသည်လည်း အမြင့်ဈေးမှာ သည်ပင် ထပ်မံမြင့်တက်လျက်ရှိလာသည်ကို ဆေးဆိုင်များထံမှ သိရှိရသည်။

လက်ရှိတွင် ပြည်တွင်းကူးစက်မှုထဲမှ ရန်ကုန်တိုင်းဒေသကြီးသည် အတည်ပြုလူနာသစ်တွေ့ရှိမှုအများဆုံးဖြစ်နေပြီး ယခု ၁၂ ရက်တာကာလအတွင်း ၉၉၄ ဦးထိ ရှိလာခဲ့ကြောင်းသိရသည်။

မျိုးရိုးဗီဇပြောင်းကိုဗစ်ရောဂါပိုးသည် ပြင်းအားမည်မျှရှိသည်ကို လေ့လာစမ်းသပ်၍ မရသေးသော်လည်း ယခု ၁၂ ရက်တာ ကာလအတွင်း ပြည်မြိုမှ အမျိုးသားတစ်ဦးနှင့် အုတ်ကျင်းမှ ၇ တန်း ကျောင်းသူတစ်ဦးတို့သည် ကိုဗစ် ၁၉ ရောဂါဖြင့် သေဆုံးခဲ့ရကြောင်းလည်းသိရှိရသည်။

ယနေ့ စက်တင်ဘာ ၁၂ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၀၄ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ယနေ့ချိန်ထိ ကိုဖြစ်အတည်ပြုလူနာ စုစုပေါင်း ၆၁၇,၀၅၆ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၄၂ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။