PDFအဖြစ်တာဝန်ထမ်းဆောင်နေသည့် CDM စစ်သားနှင့် ရဲ ၁၇ဦးအားဂုဏ်ပြုချီးမြှင့်

Author လင်းခိုင်
Categories
Published on Sep 12, 2022

PDFအဖြစ် တာဝန်ထမ်းဆောင်နေသည့် CDM စစ်သားနှင့် ရဲ ၁၇ဦးအား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ဂန့်ဂေါခရိုင် အမှတ် ၃တပ်ရင်းနှင့် အမှတ်၅ တပ်ရင်းတို့တွင် CDM ဝင်ရောက် PDFအဖြစ်တာဝန်ထမ်းဆောင်သည့် စစ်သား ရဲသား ၁၇ဦး ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ရက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ပြည်သူနှင့်ပူးပေါင်းရန်ဆုံးဖြတ်သည့် အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားကြောင်း PDFရဲဘော်အဖြစ် ခံယူပြီး လက်တွေ့တော်လှန်ရေးတွင်ပါဝင်နေသည့် သတင်းကို ပြည်သူများကြားပါက ဂုဏ်ယူမဆုံးဖြစ်မည်ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

စစ်ကောင်စီသည် စိတ်ဓာတ် စည်ကမ်း ကျင့်ဝတ်ကင်းမဲ့ရုံသာမက စစ်တိုက်နိုင်စွမ်းမရှိပဲ ပြည်သူကိုရန်ရှာပြီး မီးရှို့သတ်ဖြတ်သည့် လူသတ် ဓားပြဂိုဏ်းအဆင့်ဖြစ်နေသောကြောင့် စစ်အု ပ်စု ၏ နေဝင်ချိန်မဝေးတော့ဘူးဆိုတာကိုပြသနေကြောင်း ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

PDFရဲဘော်အဖြစ်တာဝန်ယူဆောင်ရွက်နေသည့် CDMရဲဘော်များသည် ဂန့်ဂေါခရိုင် အမှတ် ၃နှင့် အမှတ်၅တွင် တစ်နှစ်နီးပါးတာဝန်ထမ်းဆောင်နေသူများဖြစ်သည်။