လှိုင်သာယာ အထည်ချုပ်စက်ရုံတွင် အမျိုးသမီးလုပ်သားအချို့ ကိုယ်ဝန်ပျက်ကျသည်အထိ အလုပ်စေခိုင်းခံနေရဟုဆို

Author ခေတ်နီ
Categories
Published on Dec 06, 2023

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သမားများအပေါ်  လုပ်သားအခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ ကိုယ်ဝန်ပျက်ကျသည်အထိ အလုပ်ခိုင်းစေခံနေရကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုသည်။

 

အဆိုပါစက်ရုံသည် လှိုင်သာယာမြို့နယ် မြဝတီမင်းကြီးလမ်းတွင်တည်ရှိသည့်  တရုတ်နိုင်ငံသားပိုင် (Hunter Textile Co. Ltd)ဟန်တာ တက်(စ်)တိုင်းလ်)အထည်ချုပ်စက်ရုံဖြစ်ပြီး  အချိန်ပိုကြေးမပေးဘဲ ညလုံးပေါက် အိုတီဆင်းခိုင်းမှုများကြောင့် စက်ရုံလုပ်သား အမျိုးသမီးအချို့ လုပ်ငန်းခွင်ထိခိုက်မှုနှင့် ကိုယ်ဝန်ပျက်ကျမှုများ ရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

 

“ဒီစက်ရုံမှာက လိုင်းခေါင်းဆောင်ကို အလုပ်သမားက ပြန်ပြောရင် Warning ထိုးရတယ်။ သုံးခါပြည့်ရင် အလုပ်ထုတ်တယ်ပေါ့” ဟု မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) တွဲဖက်အတွင်းရေးမှူးက CJ Platform သို့ ပြောသည်။

 

ဆက်လက်၍ တွဲဖက်အတွင်းရေးမှူးက “ပြီးတော့ ညလုံးပေါက် အိုတီရှိတယ် တစ်လမှာ အကြိမ်တော်တော်များများ ဆင်းရတယ်။ အဲဒီ‌တော့ ကိုယ်ဝန်ရှိတဲ့သူတွေက ကိုယ်ဝန်ကြောင့် ဆင်းဖို့ငြင်းတော့ အိုတီမဆင်းနိုင်ရင် မလာနဲ့။ စက်ရုံရောက်ရင် စက်ရုံက ပေးတဲ့အလုပ်ကို ပြီးအောင်လုပ်ရမယ်ဆိုပြီး ဖိအားပေးခိုင်းတယ်။ မနက် ၇ နာရီခွဲကနေ ညလုံးပေါက်အပြင် နောက်နေ့ထိပါ လုပ်ရတော့ အလုပ်သမားတွေက ပင်ပန်းပြီး ထိခိုက်မိတာတွေ ဖြစ်လာတယ်။ ကိုယ်ဝန်ပျက်ကျတဲ့အမျိုးသမီးဆိုလည်း ပျက်ကျတော့မယ်ဆိုတာ သိသိချင်း ဆေးခန်းပြဖို့လုပ်ပေမယ့် Gate Pass ကို မပေးဘဲ အချိန်ဆွဲထားတော့ ကလေးကို ဆုံးရုံးလိုက်ရတယ်” ဟု ပြောသည်။

 

လတ်တလော ကိုယ်ဝန်ပျက်ကျသည့် အမျိုးသမီးသည် အလုပ်မှထွက်ခဲ့ရပြီး ၎င်းနည်းတူ အလုပ်ခွင်အတွင်း ကိုယ်ဝန်ပျက်ကျခဲ့သည့် အခြားအမျိုးသမီးတစ်ဦးလည်း ရှိသေးကြောင်း၊ ၎င်းသည်လည်း ကောင်းမွန်သည့် ဆေးဝါးကုသခွင့်မရရှိကြောင်း CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

ထိုစက်ရုံတွင်း အလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံရသည့်သတင်းများကို ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရန် စက်ရုံအာဏာပိုင်များက စောင့်ကြည့်မှုများလည်း ရှိနေကြောင်း သိရသည်။

 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား ၁ ဒဿမ ၁သန်းခန့် အလုပ်အကိုင်ဆုံးရူံးခဲ့ပြီး အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အခြေခံလုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွားလာနေသည်ဟု ဆိုသည်။

 

ဓာတ်ပုံ – FGWM

 

ပုံစာညွှန်း – အလုပ်သမားအခွင့်အရေးချိုးဖောက်နေသည်ဟုဆိုသော စက်ရုံအား မြင်ရပုံ