“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၂ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Dec 02, 2023

ယခုအပတ်(နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၂ ရက်အထိ)အတွင်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ခဲ့သလို တစ်လပြည့်ကစလို့ “Nationwide Operation” “တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ဆင်ရေး”အနေနဲ့ စတင်မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်က ကြုံးဝါးသလို ရှမ်းမြောက်တခွင် စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်နေခဲ့ပါတယ်။ ဒီတစ်ပတ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေအကြောင်း “ကြွက်မနိုင် ကျီ မီးရှို့” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းက တန့်ဆည်မြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းနိုင်လောက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တဲ့ သတင်း၊ ကော့ကရိတ်တိုက်ပွဲတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။

****************************************

 

“ကြွက်မနိုင် ကျီ မီးရှို့”

 

အာဏာသိမ်း စစ်ကောင်စီဟာ အခုဆိုရင် အင်အားအတော်ကို ချိနဲ့လာတဲ့ အခြေအနေကို စိုက်နေပြီဖြစ်တဲ့အကြောင်း ၎င်းတို့ရဲ့လုပ်ရပ်တွေက သက်သေတည်နေပါတယ်။

 

မြေပြင်ကတော်လှန်ရေးအင်အားစုတွေကို မနိုင်တဲ့ စစ်ကောင်စီဟာ “ကြွက်မနိုင် ကျီ မီးရှို့” ဆိုတဲ့အတိုင်း လေကြောင်းကနေပဲ မဲမဲမြင်ရာကို ဗုံးတွေပဲကြဲချ တိုက်ခိုက်လို့နေပါတယ်။

 

နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ပြည်တွင်းစစ်မှာ လေယာဉ်မသုံးရဆိုတဲ့ ဥပဒေကို စစ်ကောင်စီက ချိုးဖောက်ပြီး အရင်ကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းကစလို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ အလွန်အကျွံကို အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

 

အရပ်သား၊ တော်လှန်ရဲဘော် မခွဲခြားသလို သာသနိကအဆောက်အအုံ၊ နေအိမ်၊ PDF စခန်း မခွဲခြားဘဲလည်း တိုက်ခိုက်မှုပြုနေတာပါ။

 

ဒီလိုအထောက်အထားတွေကို ရခိုင်ပြည်မှာ စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးခဲ့တဲ့ စခန်းတွေမှာ ဆိုင်းဘုတ်တွေနဲ့တကွ တွေ့ရှိခဲ့ရပါတယ်။

 

အဲဒီမှာ အရပ်သားနေထိုင်ရာ မြို့၊ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ဖို့ တွက်ချက်ထားတဲ့ ပစ်မှတ်အကွာအဝေးဆိုင်းဘုတ်တွေကို တွေ့ရှိခဲ့ရတယ်လို့ ညီနောင်သုံးဖွဲ့က ဒီဇင်ဘာ (၁) ရက်ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

 

အဲဒီဆိုင်းဘုတ်တွေအရ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်(AA)နဲ့ တိုက်ပွဲတွေမဖြစ်ပွားခင်ကတည်းက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

 

တစ်နှစ်နီးပါး အပစ်ရပ်ထားတဲ့ ရက္ခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် (AA)က ၁၀၂၇ စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ (၁၃)ရက်ကစပြီး စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရခိုင်မှာ တကျော့ပြန် စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။ အဲဒီမှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာ‌သွားတဲ့ စခန်းတွေနဲ့ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ စခန်း (၄၄)ခုထက်မနည်းရှိပါပြီ။

 

ရခိုင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်တွေသာမက အရပ်သားနေထိုင်ရာ မြို့၊ ကျေးရွာတွေကိုလည်း မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ဒီဇင်ဘာ (၁) ရက်နေ့ကလည်း အရပ်သားပစ်မှတ်များကို ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

 

ဒီဇင်ဘာ (၁) ရက်နေ့က ရက္ခိုင်ပြည်၊ ဘူးသီးတောင်၊ အမ်း၊ ပေါက်တောမြို့နယ်တွေကို စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံးကြဲခြင်းအပါအဝင် လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာများရရှိခဲ့သလို နေအိမ်နဲ့ အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။

 

စစ်ကောင်စီဘက်က အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာတွေနဲ့ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေလို့ အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊ အသိနဲ့ သွားလာလှုပ်ရှားကြဖို့ သတိပေးတိုက်တွန်းထားပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်ချေမှုန်းသွားမယ့်အကြောင်း ညီနောင်သုံးဖွဲ့က ဆိုပါတယ်။

****************************************

 

“၂ နှစ်ခွဲ = လေကြောင်းတိုက်ခိုက်မှု နှစ်ထောင်”

 

အထက်ကဆိုခဲ့သလို လေကြောင်းကသာ အားသာချက်ရှိတော့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂ နှစ်ခွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ထောင်နီးပါး ပြုလုပ်ခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး လေယာဉ်တွေအတွက်သုံးတဲ့ Jet A1 ဟာ တစ်ဂါလံကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၆ ဒေါ်လာရှိတယ်လို့ သိရပါတယ်။ စစ်သုံးတိုက်ခိုက်ရေးလေယာဉ် တစ်နာရီပျံချိန် ကုန်ကျတဲ့လေယာဉ်ဆီဟာ ဂါလံ ၂၂၀ ကနေ ၂၆၀ အထိရှိတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လေထဲမှာ တစ်နာရီကြာရှိနေဖို့ အမေရိကန် ၄၅၃ ဒသမ ၂ ကနေ ၅၃၅ ဒသမ ၆ ဒေါ်လာကြား မြန်မာငွေ ကျပ် ၉၅၀,၀၀၀ ကျော်မှ ၁၁ သိန်းကျော်ကြား (စစ်ကောင်စီ ဗဟိုဘဏ်ဒေါ်လာဈေး တစ်ဒေါ်လာ ၂၁၀၀ နဲတွက်ချက်ထား) ကုန်ကျမှာ ဖြစ်ပါတယ်။

 

အခုလက်ရှိ အဓိက တိုက်ခိုက်ရေးလေယာဉ်တွေအဖြစ် အရပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့ MI 35 ရဟတ်ယာဉ်ဟာ တစ်နာရီကို ဂါလံ ၂၂၀ ကုန်ပါတယ်။

****************************************

 

“မကြာမီသိမ်းနိုင်တော့မယ့် တန့်ဆည်မြို့”

 

 

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တော်လှန်ရေးအင်အားစုတွေဟာ စစ်ကိုင်းတိုင်းထဲက နောက်ထပ်တစ်မြို့ကို ထပ်သိမ်းနိုင်ဖို့ နီးစပ်နေကြပြီ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက် ညပိုင်းကစပြီး ၂၉ ရက်နေ့တစ်နေ့လုံး စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ကြပါတယ်။

 

တန့်ဆည်မြို့မှာ စစ်ကောင်စီ စခန်းချတပ်စွဲထားတဲ့ မြို့မရဲစခန်း၊ ဝန်ထမ်းအိမ်ရာနဲ့ ထွေအုပ်ရုံးတို့ကို နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။ နိုဝင်ဘာ ၂၉ ရက်မှာ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝန်ထမ်းအိမ်ရာနဲ့ ထွေအုပ်ရုံးတို့ကို သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲ နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။

 

မြို့မရဲစခန်းကို သိမ်းပိုက်နေဆဲအချိန်မှာပဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီနောက် စစ်ကောင်စီဘက်က စစ်ဘက်သုံး ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင် စစ်ကူအဖြစ် ဖြည့်တင်းခဲ့ပြီး ရဲစခန်းမှာ အထိုင်ချ တပ်စွဲထားပါတယ်။ တန့်ဆည်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နိုဝင်ဘာ ၂၉ ရက် တနေ့တည်းမှာ တိုက်လေယာဉ်ရော၊ ရဟတ်ယာဉ်ကိုပါအသုံးပြုပြီး ဗုံးကြဲတာ၊ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။

 

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တန့်ဆည်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်စခန်းတွေဖြစ်တဲ့ ဒေါင်းမင်းအထိုင်စခန်း၊ ပညာရေးမှူးရုံးနဲ့ လဝကရုံးတို့ကို စက်တင်ဘာ ၂၂ ရက်ကတည်းက တိုက်ခိုက် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီနောက် တန့်ဆည်ဘောလုံးကွင်း အထိုင်စခန်း၊ အထက ၁ နဲ့ ပြည်သူ့ဆေးရုံမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၂၂ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ကြပြီး အဲဒီနေရာတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

 

အခုထပ်ပြီးတော့ ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းနိုင်ခဲ့တာကြောင့် တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီအထိုင်စခန်းအဖြစ် မြို့မရဲစခန်းတစ်ခုသာ ကျန်တော့တာဖြစ်ပါတယ်။

 

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ဝန်ကြီးဌာနလက်အောက်ခံ ပူးပေါင်းအဖွဲ့တွေဟာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အောက်တိုဘာလထဲမှာ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

****************************************

 

“မြို့တွင်း၊ မြို့ပြင် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကော့ကရိတ်”

 

အားကောင်းနေတဲ့ တော်လှန်တိုက်ပွဲတွေဟာ အရှိန်အလွန်ရနေပါပြီ။ ဒီတစ်ပတ်ထဲ ရှမ်းမြောက်နဲ့ တန့်ဆည်က တိုက်ပွဲတွေအပြင် ကော့ကရိတ်က တိုက်ပွဲတွေလည်း ပြင်းထန်ခဲ့ပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ကရင်ပြည်နယ်ထဲက ကော့ကရိတ်မြို့နယ်တိုက်ပွဲတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာ ၁ ရက် နံနက် အစောပိုင်း ၄ နာရီကစလို့ တိုက်ပွဲတွေ ဆင်နွှဲခဲ့တာပါ။

 

အဲဒီမှာ KNLA နဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က စစ်ကောင်စီရဲ့ ကော့နွဲ့တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

စစ်ကောင်စီဘက်က ဒီဇင်ဘာ ၁ ရက် သန်းခေါင်ယံ (၁၂)နာရီခွဲဝန်းကျင်မှစတင်ပြီး လေယာဉ်နဲ့ ကော့ကရိတ်မြို့တွင်းကို ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေဘက်က ပြန်တိုက်ခဲ့ကြတာပါ။

 

ကော့ကရိတ်မြို့တွင်း/မြို့ပြင်တိုက်ပွဲတွေကြောင့် ကော့ကရိတ်တိုက်ပွဲကြောင့် အာရှ လမ်းမအပါအဝင် မြို့တွင်းမြို့ပြင် လမ်းတွေပိတ်ထားရပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်နဲ့ ယာဉ်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတွေ မီးလောင်မှုတွေလည်း ရှိခဲ့ပါတယ်။

 

ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ အလံဖြူထောင် လက်နက်ချအညံ့ခံမှုတွေလည်းရှိခဲ့တယ်လို့ ကရင်ပြည်နယ်အခြေစိုက်သတင်းဌာနအချို့က ဖော်ပြကြပါတယ်။