ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်ငါးခုမှ ငွေသားလက်ကျန် ကျပ်ငွေ (၄၄) ဘီလီယံကျော် သိမ်းဆည်းရမိဟု NUG ကြားကာလဗဟိုဘဏ် ထုတ်ပြန်၊ ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့် ခွဲသွားမည်ဟုဆို
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ (၆) ရက်နေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်သည့် စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ် ငါးခုမှ ငွေသားလက်ကျန် ကျပ်ငွေ (၄၄) ဘီလီယံကို ယမန်နေ့ (နိုဝင်ဘာ ၃၀) က စနစ်တကျ လက်ခံသိမ်းဆည်း ရမိခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကြားကာလဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့သည်။
ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ်ထိန်းသိမ်းခဲ့ပြီး အဆိုပါဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေ (၄၄) ဘီလီယံကျော်ကို လက်ခံသိမ်းဆည်းနိုင်ခဲ့ကာ အမျိုးသားညီညွှတ်ရေးအစိုးရထံသို့ အစီရင်ခံ တင်ပြလာခဲ့ခြင်းဖြစ်သည် ဟုလည်း ဖော်ပြထားသည်။
ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဘဏ်များကို စိစစ်ထိန်းသိမ်းခြင်းများဆောင်ရွက်သည်အခါတွင် အချို့သော ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးစည်း ကျိုးပေါက်၍ ဘဏ်ငွေတိုက်ခန်း (Vault) ကို ဖောက်ထွင်း ဝင်ရောက်ရန် ကြံစည်အားထုတ်ထားသည့် အထောက်အထားများတွေ့ခဲ့ရသော်လည်း အချိန်မီ ကာကွယ်တားဆီးနိုင်ခဲ့သည့်အတွက် ပြည်သူလူထု၏ အပ်နှံငွေများ ဆုံးရှုံးခဲ့ခြင်း မရှိဟုလည်း ဆိုထားသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် အနေဖြင့် သိမ်းဆည်းရမိခဲ့သည့် ငွေသားလက်ကျန် ကျပ်ငွေ(၄၄) ဘီလီယံကျော်ကို စာရင်းသွင်းမှတ်တမ်းတင် ထားရှိကာ ပြည်သူလူထု၏ အပ်နှံ ငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံ၍ ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့် ခွဲသွားမည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်နေ့တွင်လည်း ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားလက်ကျန် ကျပ်ငွေ သန်းပေါင်း (၉၅၂) သန်းကျော်ကို သိမ်းဆည်းရမိခဲ့ကာ အမျိုးသားညီညွှတ်ရေးအစိုးရထံ စာရင်းတင်ပြအပ်နှံခဲ့ပြီး အဆိုပါ နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများနှင့် ပြည်သူလူထု အပ်နှံငွေများကို နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကြားကာလ ဗဟိုဘဏ်အနေဖြင့် စနစ်တကျ စီမံခန့်ခွဲလျက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့သည် ခရိုင်အဆင့်ရှိ မြို့တစ်မြို့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ တော်လှန်ရေး သုံးနှစ်နီးပါး အတွင်းတွင် ပထမဦးဆုံး သိမ်းယူနိုင်ခဲ့သည့် မြို့လည်းဖြစ်သည်။
ပူးပေါင်းတပ်ဖွဲ့များသည် ကောလင်းမြို့ကို နိုဝင်ဘာ (၃) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ကာ လေးရက်မြောက်နေ့ ဖြစ်သည့် နိုဝင်ဘာ (၆) ရက်နေ့တွင် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မြို့ကို သိမ်းပိုက်နိုင်ပြီးနောက် နိုဝင်ဘာ (၈) ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ကောလင်းခရိုင် အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းစေခဲ့ပြီး အဆိုပါ အဖွဲ့က ကောလင်းမြို့ကို တာဝန်ယူ အုပ်ချုပ်နေသည်ဟုလည်း သိရသည်။