“အဆမတန်မြင့်တက်လာတဲ့ ရွှေဈေး” (နိုဝင်ဘာ ၁၃ မှ ၁၈ အထိ)

Author ကိုထားဝယ်
Categories
Published on Nov 18, 2023

တိုက်ပွဲသတင်းတွေကြောင့် ရွှေဆိုင်တွေကို ကြောက်လန့်ပြီး စုပြုံတိုးကြတဲ့လူတွေကြောင့် ပြည်တွင်းရွှေဈေးတွေ အဆမတန် ထိုးတက်သွားခဲ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်ထဲ ၁၆ ပဲရည်တစ်ကျပ်သား ၃၅ သိန်းခန့်ပဲရှိခဲ့ရာမှ ယခုအပတ်ထဲမှာတော့ ၃၈ သိန်း ပြည့်ဖို့ ငါးထောင်ကျပ်သာလိုတဲ့အထိနီးပါး ဈေးနှုန်းတွေမြင့်တက်လာခဲ့ပါတယ်။ ဒါဟာ တစ်ပတ်အတွင်း တစ်ကျပ်သားကို သုံးသိန်းလောက်အထိ မြင့်တက်သွားခဲ့ရတာပါ။

 

ဒီလိုပဲ ကမ္ဘာ့ရွှေဈေးတွေဟာလည်း တပတ်အတွင်းမြင့်တက်လာခဲ့ပြီး တနင်္လာနေ့က တစ်အောင်စကို ၁၉၃၇ ဒေါ်လာသာရှိခဲ့ရာမှ စနေနေ့မှာတော့ ၁၉၈၀ အထိမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဈေးဟာ နိုဝင်ဘာ ပထမပတ်တုန်းကဈေးထက် နိမ့်ကျနေခဲ့တာပါ။ အဲဒီတုန်းက ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ၃၅ သိန်း စွန်းစွန်းသာရှိခဲ့တာပါ။

 

အခုတော့ ကမ္ဘာ့ရွှေဈေး အမေရိကန်ဒေါ်လာ ၂၀၀၀ မကျော်ပေမယ့် ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ၃၈ သိန်းလောက်အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းကလူတွေ တိုက်ပွဲတွေကြောင့် ငွေမကိုင်ရဲဘဲ ရွှေကိုရင်းနှီးမြှုပ်နှံလာတာကြောင့်ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

 

လက်ရှိ ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၈၀ ရှိပြီး ပြည်တွင်းရွှေဈေးကွက်ထဲမှာတော့ ၁၅ ပဲရည်တစ်ကျပ်သားကို ၃၆ သိန်းနီးပါးနဲ့ ၁၆ ပဲရည်တစ်ကျပ်သားကို ၃၈ သိန်းနီးပါးအထိရှိနေပါတယ်။