မြင်းခြံမြို့နယ် စခန်းသိမ်းတိုက်ပွဲ ​ဝေဟင်စစ်ဆင်ရေးတွင် စစ်သား ၁၀ ဦး ပြင်းထန်ဒဏ်ရာရ

Author မင်းထက်
Categories
Published on Nov 18, 2023

မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ် ၊ ကိုင်းကျေးရွာ စစ်ကောင်စီတပ်စခန်း စခန်းသိမ်း တိုက်ပွဲတွင် ရေကြောင်းမှ စစ်ကူရန်လာသော စစ်ကောင်စီယာဥ်အား ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ CJ Platform သို့ ပြောသည်။

မြင်းခြံမြို့နယ်အတွင်း နို၀င်ဘာလ ၁၆ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ဆင်ရေး ၂ ရပ် လုပ်ဆောင်ခဲ့ကြောင်း၊ ကိုင်းကျေးရွာ စစ်ကောင်စီစခန်းအား သိမ်းပိုက်နေစဥ် ဆီးမီးခုံရေနက်ဆိပ်ကမ်းမှ စစ်သင်္ဘောနှင့် ရေကြောင်းစစ်ကူများကို Shar Htoo Waw နည်းပညာသုံး Fixed Wings Drone များဖြင့် ဗုံးသီး ၁၀ လုံး တရစပ်ကြဲချ တိုက်ခိုက်ခဲ့​ရာ စစ်ကောင်စီတပ်သားများအနီး တစ်လုံး နှင့် သင်္ဘောပေါ်သို့ တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရခဲ့ပြီး စစ်ကူသွားရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

“စစ်သင်္ဘောက အထိုင်လုပ်ပြီး ပြည်သူတွေကို ပစ်နေတဲ့ သင်္ဘောပါ ၊ သင်္ဘောပေါ်မှာ ၁၀ ကောင်ကျော် ၀န်းကျင်ရှိပါတယ်” ဟု CDSOM မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားများမှာ ထိခိုက်မှုမရှိခဲ့သော်လည်း Fixed Wings Drone တစ်စင်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြေပြင်နှင် ဝေဟင် စစ်ဆင်ရေး ၂ ရပ်လုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ကိုင်းကျေးရွာတပ်စခန်းအား မြင်းခြံအမှတ် ၂ တပ်ရင်းမှူး ကိုသကြား ဦးဆောင်ကာ စခန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစခန်းသိမ်းပွဲမှ MAI တစ်လက် ၊ ၅ဒဿမ၅၆ ကျည် ၇၀၀ ကျော် ၊ စစ်သုံးပစ္စည်းများနှင့် စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေး ၂ ရပ်လုံးတွင် မြင်းခြံခရိုင်အမှတ် ၁ ၊ ၂ ၊ ၃ ( တပ်ခွဲ ၁၊ ၃၊ ၄) ၊ အမှတ် ၈ တပ်ရင်း ၊ ညောင်ဦးခရိုင် ပကဖ၊ မြင်းခြံခရိုင် ပကဖ ၊ Burmese Guerrilla Force ၊ MGN 35 ၊ LACR (Myingyan) ၊ 8 Stars LPDF (Myingyan) ၊ Anyar Federal Task Force ၊ ကျေးရွာတပ်ပေါင်းစု – မြောင် ၊ Mp9 Brothers LPDF ၊ Freedom Fighter Guerrilla Force၊ Myingyam District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ )၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊ မြောင်မြို့နယ် ပလဖ ၊ ၀ရဇိန် လက်နက်ထုတ်လုပ်ရေးနှင့် တိုက်ခိုက်ရေးအဖွဲ့(မြောင်)တို့မှ စစ်ဆင်ရေးတွင် ပါ၀င်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။