ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်း တပ်ရေးဗိုလ် မင်းကိုနှင့် ဆက်သွယ်မေးမြန်းချက်

Author မင်းထက်
Categories
Published on Oct 26, 2023

နွေဦးတော်လှန်ရေးနဲ့အတူ မွေးဖွားလာတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် အမှတ် ၂၇ တပ်ရင်းဟာ တော်လှန်ရေးအတွက် ဘာတွေလုပ်ဆောင်နေလဲ။ သူတို့ရဲ့ အခက်အခဲ၊ လိုအပ်ချက်က ဘာတွေလဲ။ NUG အပေါ်အမြင် စတာတွေနဲ့ပတ်သက်ပြီး တပ်ရေးဗိုလ် မင်းကိုထံ CJ Platform သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

မေးမြန်းသူ- မင်းထက်

CJ – ဆရာတို့ တပ်ရင်းအနေနဲ့ အဓိက ဘယ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုလုပ်နေတာပါလဲ။ ပြီးတော့ ဒီတပ်ရင်းကို ဘယ်လိုဖွဲ့စည်းဖြစ်ခဲ့တယ် ဆိုတာလေးလည်း ပြောပြပေးပါဦး။

ဗိုလ် မင်းကို- ယင်းမာပင်ခရိုင်မှာပဲ စစ်ရေးအဓိကထား လှုပ်ရှားတယ်။ နောက်မေးခွန်းတွက် အဲဒါမဖြေလို့ရလား။

CJ – ဟုတ်ကဲ့ ။ ဆရာတို့အဖွဲ့အနေနဲ့က NUG ၊ MOD ရဲ့ လက်အောက်မှာ ရှိနေတာလား။ Local အနေနဲ့ပဲ သွားနေတာလား။

ဗိုလ်မင်းကို- MOD ရဲ့အောက်မှာပါ။ အမှတ်(၁) စစ်ဒေသရဲ့ အောက်က ယင်းမာပင်ခရိုင်အမှတ်(၂၇) တပ်ရင်းပါဗျ။

CJ – NUG ရဲ့ စီမံခန့်ခွဲမှုအပေါ် အားရမှုရှိလား။ ဘာတွေအကြံပြုလိုတာမျိုး ရှိပါသလဲ။

ဗိုလ်မင်းကို- အဲဒီလိုတော့ မရှိသေးပါဘူး။

CJ – တိုက်ပွဲဖော်ဆောင်ရာမှာရော ဘယ်လိုလုပ်ဆောင်ပါသလဲ။ မဟာမိတ်အဖွဲ့တွေနဲ့ ပေါင်းတိုက်တာမျိုးရှိတော့လေ။ လက်နက်မျှဝေသုံးစွဲမှုကို ဘယ်လိုမျိုး လုပ်ဆောင်ကြပါသလဲ။

ဗိုလ်မင်းကို – တိုက်ပွဲကတော့ ကွပ်ကဲမှုအောက်ကနေ စစ်အာဏာရှင်စနစ်တော်လှန်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။

CJ – ဆရာတို့အဖွဲ့အနေနဲ့ ယင်းမာပင်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုင် ဆင်နွှဲနေကြရတယ် သိရတယ်ဗျ။ ဆိုတော့ တိုက်ပွဲတွေဆက်တိုက် ဆင်နွှဲနေကြရတော့ အဖွဲ့အနေနဲ့ ဘာတွေ လိုအပ်ချက် ရှိနေပါသလဲ။

ဗိုလ်မင်းကို- လက်နက်ခဲယမ်းလည်း ပြန်ဖြည့်ဖို့လိုတယ်။ ဆောင်းရာသီဖြစ်တော့ ရှေ့တန်းရဲဘော်တွေအတွက် အနွေးထည်ကအစ လိုအပ်ချက်ရှိပါတယ်။

CJ – ဒီလို လက်နက်ခဲယမ်း လတ်တလောလိုအပ်နေတာက ရန်ပုံငွေလိုအပ်ချက်ရှိနေလို့လား။ ဒါမှမဟုတ် ၀ယ်ယူမှုအပိုင်းမှာ အဆင်ပြေမှု မရှိသေးလို့ပါလား။

ဗိုလ်မင်းကို- ရန်ပုံငွေ အဓိက လိုအပ်တာပါ။ ရန်ပုံငွေ ရှိရင် ဖြည့်ဆည်းနိုင်ဖို့ မခက်ခဲပါဘူး။

CJ – လိုအပ်ချက်တွေဖြည့်ဆည်းဖို့ရော ကမ်ပိန်းလိုမျိုးတွေ လုပ်ဖို့ရှိလား။ လက်ရှိရော လုပ်နေလား။ အရင်က‌ရော လုပ်ဖူးပါသလား။

ဗိုလ်မင်းကို- အရင်ကတော့ လက်နက်ခဲယမ်းအတွက် ကမ်ပိန်းလုပ်ဖူးတယ်။ လက်ရှိတော့ ကမ်ပိန်းမရှိပါဘူး။ ရတဲ့ထောက်ပို့အနည်းငယ်နဲ့ပဲ အဆင်ပြေသလို ရပ်တည်နေပါတယ်။ ကမ်ပိန်းလုပ်ဖို့တော့ ရှိပါတယ်။

CJ – တပ်ရင်းထံ NUG ဘက်ကရော ထောက်ပံ့မှုတွေ ရခဲ့သလား။ အဖွဲ့ရဲ့ လိုအပ်ချက်တွေဖြည့်ဖို့တွက် လုံလောက်မှု ရှိခဲ့ပါသလား။

ဗိုလ်မင်းကို – MOD ဘက်က တပ်ရင်းတိုင်းထောက်ပံ့တဲ့ ထောက်ပံ့မှုကတော့ ရရှိတယ်။ လိုအပ်ချက်ကတော့ ကောင်းသ‌ထက်ကောင်းအောင် လုပ်ကြရတော့ အမြဲရှိနေတာပါပဲ။

CJ – ပြည်သူတွေရဲ့ထောက်ပံ့မှုအခြေနေရော ဘယ်လိုရှိနေပါသလဲ။ ယခင်ကထက် လျော့နည်းလာသလား။ ပုံမှန်လေးပဲရှိနေပါသလား။

ဗိုလ်မင်းကို- ပြည်သူတွေလည်း ခက်ခဲနေကြတော့ အနည်းငယ်တော့ လျော့နည်းလာတယ်လို့ ပြောလို့ရတယ်။

CJ – အဖွဲ့အနေနဲ့ရော ရှေ့ဆက်ပြီး ဘာတွေလုပ်ဆောင်ဖို့ ရှိပါသလဲ။

ဗိုလ်မင်းကို- စစ်အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ လက်နက်ကိုင်ပြီး တိုက်ပွဲတွေ ဖော်ဆောင်ပါမယ်။ ကျန်တာတော့ ကွပ်ကဲညွှန်ကြားမှုအတိုင်း လုပ်ဆောင်မှာပါ။

CJ – နောက်ထပ် ဆရာတို့အနေနဲ့ ပြည်သူတွေအပေါ် ပြောချင်၊ ပေးချင်တဲ့သတင်းစကား ပြောပေးစေချင်ပါတယ်။

ဗိုလ်မင်းကို – ပြည်သူတွေကိုပြောချင်တာကတော့ တော်လှန်ရေးအပေါ် စိတ်ဓာတ်မကျ ကြဖို့နဲ့၊ တော်လှန်ရေး နိုင်ကို နိုင်ရမယ်ဆိုတာ ပြောချင်ပါတယ်။