သုံးပတ်ကြာလွတ်‌နေတဲ့ထိုင်ခုံပူပေါ် ဘယ်သူရောက်မလဲ? (ဝါ) အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌသစ် ဘယ်သူဖြစ်မလဲ?

Author လင်းနွေဦး
Categories
Published on Oct 24, 2023

အမေရိကန်ပြည်ထောင်စုမှာ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့တာ ဒီနေ့နဲ့ဆို သုံးပတ်ရှိပါပြီ။ ဒါကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌ Kelvin McCarthy(ကယ်ဗင် မက်ကာသီ)ဖြုတ်ချခံခဲ့ရတာပါ။

ဒုသမ္မတ ရာထူးအထိ ရယူနိုင်တဲ့ ဒီနေရာကို နိုင်ငံရေးခေါင်းဆောင်တော်တော်များများရယူလိုကြတာပါ။ ဒါကြောင့် လျာထားစာရင်းကနေပဲ ပြုတ်သွားသူနဲ့ ဖြုတ်ခံရသူတွေကြား ဘယ်သူမှတော့ အတည်ပြုမရွေးချယ်နိုင်သေးပါဘူး။

မက္ကာသီဟာ အောက်တိုဘာလ ၃ ရက်နေ့ လွှတ်တော်မှာ ထောက်ခံမဲ ၂၁၀၊ ကန့်ကွက်မဲ ၂၁၆ မဲနဲ့ ဖြုတ်ချခံခဲ့ရပါတယ်။

လတ်တလော သူ့နေရာကို ရီပတ်ဘလစ်ကန်ပါတီဝင်တစ်ဦးဖြစ်သူ Patrick McHenry(ပက်ထရစ် မက်ဟန်နရီ)ကို ခေတ္တတာဝန်ပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုက ဥပဒေပြုရေးအတွက် အလွန်အရေးပါတဲ့ အောက်လွှတ်တော်နေရာ လစ်လပ်နေတာကြောင့် လွှတ်လုပ်ငန်းတွေရပ်ဆိုင်းနေရပါတယ်။

ဥက္ကဋ္ဌဟောင်းဘာကြောင့် ဖြုတ်ချခံခဲ့ရတာလဲ?

မက္ကာသီဟာ ပါတီတွင်း အဆင်မပြေမှုတွေရှိတဲ့အပြင် ကတိကဝတ်မတည်မှုကြောင့် ယခုလို ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။ သူ့ကို ပါတီတွင်း ပြိုင်ဘက် မက်ဒ် ဂေ့ဇ်က ဦးဆောင်ဖြုတ်ချခဲ့တာဖြစ်ပါတယ်။

မက်ဒ် ဂေ့ဇ်က မက္ကာသီနဲ့ပတ်သက်ပြီး ” မက္ကာသီက ရွှံ့ဗွက် လိုလူမျိုးပါ။ သူက ရင်းနှီးမြုပ်နှံဖို့ ငွေတွေစုဆောင်းပြီး သူ့ရဲ့ပါဝါကို မြှင့်တင်ဖို့ကြိုးစားခဲ့ပြီး တစ်ဖက်မှာလည်း ဒီငွေတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ဖြန့်နေတာပါ။ အခုတော့ ဒါကို ရပ်တန့်နိုင်ခဲ့ပါပြီ” လို့ အောက်တိုဘာ ၃ ရက်နေ့ မဲခွဲပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နောက်ထပ် အချက်အလက်တွေကတော့ လွှတ်တော်ထဲ လိုအပ်တဲ့ Budget တွေ ချပေးဖို့ တောင်းဆိုထားတာကို ကတိမတည်မှုတွေကြောင့်လို့ သိရပါတယ်။

မည်သို့ပင်ဆိုစေ မဒ်ဂေ့ဇ်ရဲ့ ဦးဆောင်မှုက အောင်မြင်ခဲ့ပြီး မက္ကာသီကို ဥက္ကဋ္ဌ နေရာကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ တာဝန်နဲ့ အာဏာသက်ရောက်မှုဘယ်လောက်အထိရှိသလဲ?

အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်သီးနေရာတစ်ခုဖြစ်တဲ့အလျောက် သူ့ရဲ့ အာဏာပါဝါကလည်း ကျယ်ပြန့်ပါတယ်။

၁။ အောက်လွှတ်တော် စည်းဝေးမှုတွေအတွက် တာဝန် အပြည့်အဝရှိပါတယ်။
၂။ ဆွေးနွေးငြင်းခုံမှုတွေနဲ့ မဲခွဲမှုတွေအတွက် အမိန့်ချနိုင်စွမ်းရှိပါတယ်။
၃။ ဆုံးဖြတ်ချက်တွေ အလုပ်ဖြစ်ဖို့၊ အဆင်ပြေချောမွေ့စေဖို့ လုပ်ဆောင်ရပါတယ်။

အာဏာရှိမှုအနေနဲ့ကတော့ ဥပဒေပြုရေး လုပ်ငန်းစဉ်တွေအပေါ် ထိန်းသိမ်းနိုင်စွမ်းရှိပြီး သမ္မတရဲ့ အစီအစဉ်ကို ပြုလုပ်တာ(သို့မဟုတ်)ပယ်ဖျက်တာအထိတောင် လုပ်နိုင်ပါတယ်။

အတိုက်အခံတွေအပေါ် လည်း နှောင့်ယှက်နိုင်စွမ်းရှိပြီး သူတို့ကိုယ်စားပြုပါတီရဲ့ အကြီးမားဆုံး ဥပဒေပြုမှု လုပ်ငန်းစဉ်တွေကို စတင်ပေးနိုင်ပါတယ်။

ဥက္ကဋ္ဌ နေရာလစ်လပ်နေမှုက ဘာတွေ အကျိုးသက်ရောက်မှုရှိလဲ?

ဒီနေရာလစ်လပ်နေမှုဟာ အနည်းနဲ့ အများဆိုသလောက် အမေရိကန်ပြည်ထောင်စုအပေါ်သာမက ကမ္ဘာ့အရေးပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။

လစ်လပ်နေချိန် ကာလအတွင်း ဥပဒေအကျိုးပြု လုပ်ငန်းစဉ်တွေ နှောင့်နေးခဲ့ပြီး အတည်တကျ ဆုံးဖြတ် ချက်တွေ မချမှတ်နိုင်တာက ထင်ရှားတဲ့ကိစ္စရပ်ဖြစ်ပါတယ်။

ယခုဆိုရင် အမေရိကန် သမ္မတကနေပြီး အစ္စရေးနဲ့ ယူကရိန်းကိုသာမက တခြားသော လိုအပ်နေတဲ့ နိုင်ငံတွေ အပေါ် ကူညီဖို့ ဒေါ်လာ ၂ ဘီလီယံ တောင်းဆိုထားတာကို လွှတ်တော်ကွန်ဂရက်ဘက်က အတည်ပြုဖို့လိုနေတဲ့အတွက် ကြန့်ကြာနေတာပါ။

ဒါတွေကို အထက်လွှတ်တော်၊ အောက်လွှတ်တော် ပူးပေါင်းဆုံးဖြတ်ပြီး အတည်ပြုရမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌ ရွေးချယ်ဖို့ ဘာတွေ လုပ်နေသလဲ?

ဒီရာထူးကို ရွေးချယ်တင်မြှောက်ခွင့်ရှိတဲ့ ရွေးကောက်ပွဲအနိုင်ရ ရီပတ်ဘလစ်ကန်ပါတီဘက်က ယခု အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းမှာ ရွေးကောက်မှာဖြစ်တဲ့အတွက် မနက်ဖြန်မှာ အတိအလင်းသိရ‌တော့မှာပါ။

ဒီနေရာ ရွေးကောက်နိုင်ဖို့အတွက် ပြည်နယ်စုံမှ ရီပတ်ဘလစ်ကန် ပါတီဝင်(၈)ဦးအထိ နောက်ဆုံးပါဝင်ယှဉ်ပြိုင်နေကြပါတယ်။

(၁) Minnesota (မီနီဆိုးတား)ပြည်နယ်မှ Tom Emmer (တွန် အမ်မာ)၊ (၂) Oklahoma(အိုကလာဟိုးမား)မှ Kelvin Hern (ကယ်ဗင် ဟမ်န်)၊ (၃) Georgia (ဂျော်ဂျီယာ)မှ Austin Scott (အော်စတင် စကော့)၊ (၄) Louisiana(လူစီယားနား)မှ Mike Johnson (မိုက် ဂျွန်ဆန်)၊ (၅) Michigan (မီချီဂန်)မှ Jack Bergman (ဂျက် ဘာဂျ်မန်)၊ (၆) Florida (ဖလော်ရီဒါ)မှ Byron Donalds (ဘိုင်ရွန် ဒေါ်နယ်)၊ (၇) Texas (တခ်ဆက်စ်)မှ Pete Sessions (ပီတီ ဆက်ရှင်း)နှင့် (၈) Alabama (အလာဘားမား)မှ Gery Palmer (ဂယ်ရီ ပယ်မာ)တို့က ဝင်ရောင်ယှဉ်ပြိုင်နေကြပါတယ်။

သူတို့တွေထဲက ဥက္ကဋ္ဌဖြစ်လာမယ့်သူဟာ အနိုင်ရရှိဖို့ လွှတ်တော်ထဲမှာမဲခွဲတဲ့အခါ အမတ် ၄၃၅ ဦးရှိတဲ့အထဲက ၂၁၇ မဲ ရရှိရမှာဖြစ်ပါတယ်။

ဒီနေရာအတွက် ကနဦး Steve Scalise(စတိဗ် စကယ်လိုက်)နဲ့ Jim Jordon(ဂျင် ဂျော်ဒန်)တို့ ပါတီတွင်း အားပြိုင်ခဲ့ရာမှာ စတိဗ် စကယ်လိုက်ကို အဆိုပြုခဲ့ကြပါတယ်။

ဒါပေမဲ့ အောက်တိုဘာ ၁၇ ရက် ပါတီတွင်း မဲခွဲဆုံးဖြတ်ရာမှာ မညီညွှတ်မှုတွေရှိနေခဲ့တဲ့အတွက် စတိဗ် စကယ်လိုက်ဟာ နုတ်ထွက်သွားခဲ့ပါတယ်။

“ပါတီတွင်းမှာ မညီညွှတ်မှုတွေရှိနေတယ်။ ဒီတော့ လွှတ်တော်ထဲမှာဆို အခြေအနေ ပိုဆိုးနိုင်တဲ့အတွက် နုတ်ထွက်ခဲ့တာပါ” လို့ သူက ပြောခဲ့ပါသေးတယ်။

အခုတော့ ဒုတိယအကြိမ်ပါတီတွင်း ရွေးချယ်မှုအနေနဲ့ ထပ်လုပ်ဖို့ပြင်ဆင်နေကြပါပြီ။ ဘယ်သူရွေးချယ်ခံရမလဲဆိုတာပြောရခက်သလို ဒီလူကိုလည်း လွှတ်တော်က ရွေးချယ်ပါ့မလားဆိုတာ မှန်းဆရခက်ခဲတဲ့အနေအထားပါ။

အောက်လွှတ်တော် ဥက္ကဋ္ဌနေရာ ရွေးချယ်နိုင်ဖို့ ဘယ်လောက်အထိ ကြာမြင့်နေဦးမှာပါလဲ။

ဒီနေရာရဲ့ အကျိုးသက်ရောက်မှုက လစ်လပ်မှု သုံးပတ်အကြာမှာတင် အမေရိကအပြင် ကမ္ဘာ့နိုင်ငံတချို့မှာပါ အကြပ်ရိုက်လို့နေပါပြီ။

သုံးပတ်ကြာလွတ်‌နေတဲ့ထိုင်ခုံပူပေါ် ဘယ်သူရောက်မလဲ?(ဝါ) အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌသစ် ဘယ်သူဖြစ်မလဲ?

အမေရိကန်၊ အစ္စရေး၊ ပါလက်စတိုင်းနဲ့ ယူကရိန်းလူထုအပြင် အားလုံးက ငံ့လင့်‌လို့နေကြပါပြီ။