လက်နက်ခဲယမ်းရှာဖွေရရှိမှု ပိုပြီးလမ်းပွင့်လာကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား

Author လင်းခိုင်
Categories
Published on Sep 07, 2022

လက်နက်ခဲယမ်းရှာဖွေရရှိမှု ပိုပြီးလမ်းပွင့်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွ ယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က ပြောကြားသည်။

ခုခံတော်လှန်စစ်ကြေညာခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် PDF ရဲဘော်များသို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်နက်တပ်ဆင်မှုဟာ ဆက်တိုက်ဆောင်ရွက်နေမယ့် အစီအစဥ်ဖြစ်တယ်။ အခုဆိုရင် ပြည်သူ့ရဲ့ အားပေးထောက်ခံမှုနဲ့အတူ ရန်ပုံငွေရရှိမှုဟာလည်း တိုးတက်နေသလို၊ လက်နက်ခဲယမ်းမီးကျောက် ရှာဖွေရရှိမှုဟာလည်း ပိုပြီး လမ်းပွင့်လာပြီလို့ ပြောရမယ်။”ဟု ဦးရည်မွန်ကပြောကြားသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကာလကို သုံးသပ်ပါက တော်လှန်ရေးအောင်ရန် ရေခံမြေခံ အားလုံးတည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရှေ့လာမည့်နှစ်သည် တော်လှန်ရေးအတွက် အထူးအရေးကြီးမည်ဖြစ်ကာ ရန်သူကို အချိန်ပေး၍ မရတော့ဘူးဆိုတာ သေချာကြောင်း၊ ထို့ကြောင့် အမျိုးသားညီ ညွတ်ရေး အစိုးရနှင့် မဟာမိတ်များအားလုံး လာမည့်တစ်နှစ်အတွင်း တော်လှန်ရေး၏ အဆုံးအဖြတ်ကို ရယူရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်ကြောင်း ပြ ည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ဒီတစ်နှစ်လုံး ရဲဘော်တို့ အဓိကတောင်းဆိုခဲ့ကြတာက လက်နက်အမြန်ဆုံးတပ်ဆင်ပေးဖို့ပဲ။ ဒါဟာ ရဲဘော်တို့ရဲ့ တော်လှန်ရေးစိတ်အားထက်သန်မှုကို ဖော်ပြရာလည်းရောက်တဲ့အတွက် ငါတို့အလေးအနက်ထားတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ရနိုင်သမျှ လက်နက်ရှာဖွေရန် ရသည့် လက်န က်များ အမြန်ဆုံးတပ်ဆင်ပေးနိုင်ရန် သက်ဆိုင်ရာမဟာမိတ်၊ စစ်ဒေသများနှင့် ညှိနှိုင်းပြီး ဆက်တိုက် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လက်နက်တပ်ဆင်နိုင်စွမ်းသည် အကန့်အသတ်ရှိနေသေးသည်ကို ဝန်ခံရမည်ဖြစ်ကြောင်း ရှိသည့်လက်နက်ဖြင့် ဗျုဟာမြောက် တပ်ဆင်နိုင်ရန် စီစဥ်ဆောင်ရွက်နေရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
#ဦးရည်မွန် #ကာကွယ်ရေးဝန်ကြီး #လက်နက်တပ်ဆင်မှု