Actors-Strike ဘာလို့မအောင်မြင်သေးသလဲ ?

Author လင်းနွေဦး
Categories
Published on Oct 20, 2023

ကမ္ဘာ့ရုပ်ရှင်လောကရဲ့ထိပ်သီး ဟောလီးဝုဒ်ရုပ်ရှင်တွေရပ်နေတာ ၆ လနီးပါးရှိလို့လာနေပါပြီ။

ကနဦး မေလဆန်းပိုင်းမှာ ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေး Studio တွေနဲ့ ကုမ္ပဏီကြီးတွေကနေ လူသားဉာဏ်ရည်တု(AI)နည်းပညာသုံးပြီး စာရေးဆရာတွေနဲ့ အရံသရုပ်ဆောင်တွေကို အစားထိုးဖို့ ကြိုးစားတာကနေ Writers-Strike ဆိုပြီး ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီကစလို့ တစ်နွယ်ငင် တစ်စင်ပါဆိုသလို သရုပ်ဆောင်တွေရဲ့ Actors-Strike ဆိုပြီး ဆက်နွယ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Actors-Strike ဟာ Writers-strike စတင်ပြီး နှစ်လ ဇူလိုင်လမှာမှ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။ ဒါကြောင့် ဟောလီးဝုဒ်ရုပ််််ရှင်သစ်ရိုက်ကူးရေးတွေရပ်တန့်နေဆဲဖြစ်ပါတယ်။

စာရေးဆရာတွေရဲ့ Writers- Strike ဟာ ၅ လနီးပါးကြာမြင့်ခဲ့ပြီးနောက် စက််တင််ဘာလ(၂၇)ရက်နေ့မှာ အောင်မြင်မှုရခဲ့ပါတယ်။

Writers- Strike ဦးဆောင်သူတွေနဲ့ ထုတ်လုပ်သူတွေကြား ညှိနှိုင်းမှုတွေပြုလုပ်ပြီးနောက်မှာ Studio ကြီးတွေရဲ့ လိုက်လျောမှုကြောင့် အောင်မြင်ခဲ့တာပါ။

ဒါကြောင့် စာရေးဆရာတွေရဲ့ လုပ်အားခအနည်းငယ်ပိုများလာသလို၊ ဖြန့်ချိရေး Platforms တွေဆီကနေလည်း အကျိုးခံစားခွင့်ရရှိမှာဖြစ်ပြီး (AI)တွေနဲ့လည်း ယှဉ်ပြိုင်စရာမရှိတော့တာတွေ စတဲ့အချက်တွေကို သဘောတူစာချုပ်တွေချုပ်ဆိုပြီး အဆုံးသတ်ခဲ့ပါတယ်။

စက်တင်ဘာလကုန်ခါနီး ရက်ပိုင်းတွေမှာ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်မယ်လို့ ထုတ်လုပ်သူတွေဘက်က အသံပစ်ခဲ့တာပါ။

အဲဒီနောက် သရုပ်ဆောင်တွေရဲ့ Actor-Strike လည်း အောင်မြင်တော့မယ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေထင်မှတ်ခဲ့ကြပေမယ့် ယခုအချိန်ထိ ညှိနှိုင်းမှုတွေ အဆင်မပြေသေးပါဘူး။

ဘာကြောင့် Actors-Strike အောင်မြင်မှုမရသေးတာဘယလဲ။ အရိုးရှင်းဆုံးအဖြေကတော့ သရုပ်ဆောင်တွေဘက်က ကျေနပ်ရလောက်တဲ့ အဖြေမျိုး Studio တွေကြီးဘက်က မရသေးလို့ပါ။

Actors-Strike အတွက် Writer-Strike လို့ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖွဲ့စည်းထားတာရှိပါတယ်။

အဲဒီအဖွဲ့နာမည်ကတော့ Screen Actors Guild-American Federation of Television and Radio Artists(SAG-AFTRA)ဖြစ်ပါတယ်။

ဒီအဖွဲ့ခေါင်းဆောင်တွေနဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဆွေးနွေးမှုတွေစတင်မယ်လို့ Studio ကုမ္ပဏီတွေဘက်က အသံလွှင့်ခဲ့တဲ့အတွက် သရုပ်ဆောင်တွေအပါအဝင် လူထုအတွက် မျှော်လင့်ချက်မြင့်တက်စေခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်မှာလား အထင်နဲ့ အမြင် ကွဲလွဲနေခဲ့ချက်တွေရှိနေခဲ့ပါတယ်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ အချိန်အခက်အခဲတွေရှိနေခဲ့ပြီး ထုတ်လုပ်သူတွေဘက်က အချိန်မပေးနိုင်တာက အခက်အခဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး “ကျွန်မတို့ သူတို့တွေနဲ့ တနင်္လာ၊ ဗုဒ္ဓဟူး နေ့တစ်ပိုင်းနဲ့ သောကြာနေ့တစ်ပိုင်းတို့မှာ အကြိမ်ရေ နည်းနည်းပဲတွေ့ရပါသေးတယ်။ ဒါကလည်း သူတို့အားခဲ့တဲ့ အချိန်တွေပါ” လို့ SAG-AFTRA အဖွဲ့ရဲ့ ဥက္ကဋ္ဌ Fran Drescher(ဖရန်ဒရက်ချာ)က AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

နှစ်ဖက်ညှိနှိုင်းမှုဟာ အဆင်မပြေတဲ့အသံမထွက်ခဲ့သလို နှစ်ဖက်စလုံးပြောကြားမှုတွေဟာလည်း ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အားရစရာမရှိခဲ့ပါဘူး။

” တာ့တာ ပါပဲရှင်။ ကျွန်မတစ်ခါမှ ညှိနှိုင်းရေးဆိုတာ ဘာမှန်းနားမလည်တဲ့ သူတွေနဲ့ တကယ်ကို တစ်ခါမှ မဆုံခဲ့ဖူးပါဘူး။ ဘာလို့ သူတို့က စားပွဲပေါ်ကနေ ရှောင်ထွက်ဖို့ ကြိုးစားနေကြပါလိမ့်” လို့ Actors-Strike ခေါင်းဆောင်က ဆိုပါတယ်။

ထုတ်လုပ်သူတွေနဲ့ စတူဒီယိုကြီးတွေပါဝင်ဖွဲ့စည်းထားတဲ့ Alliance of Motion Picture and Television Producers(AMPTP)ဘက်ကလည်း Actors တွေဘက်က တောင်းဆိုတာကို ယခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

” SAG-AFTRA ဘက်က ကုမ္ပဏီတွေဘက်ကို ရာဇသံပေးထားတာက ဖြန့်ချိရေး Platforms တွေပေါ်က Subscribers(စာရင်းပေးထားသူ)တွေအတွက် အခွန်‌လျှော့ပေါ့ရေး။ တင်သွင်းချက်တွေကိုလည်း သဘောတူပေးဖို့ဖြစ်ပြီး မဟုတ်ရင် သပိတ်ဟာ ဆက်လက် ရှိနေမယ်” လို့ ပြောကြားခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တခြားသောညှိနှိုင်းမှုအကြောင်းအရာ အသေးစိတ်ကို နှစ်ဖက်လုံးက မဖော်ပြခဲ့ကြပါဘူး။

ဒီလိုသပိတ်တွေ ဘာကြောင့်ပေါ်လာပါသလဲ။

လောကကြီးထဲ ကြီးနိုင် ငယ်ညှဉ်းတွေ ကြီးစိုးလာသလို အမေရိကန်ပြည်‌ထောင်စုလို လူ့အခွင့်အရေးအပြည့်အဝရှိတယ်လို့ဆိုကြတဲ့ နိုင်ငံကြီးရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေတောင် အနှိမ်ခံနေရတာပါ။

ငွေကြေးချမ်းသာလွန်းတဲ့ ထုတ်လုပ်သူတွေဘက်က အနုပညာရှင်တွေအပေါ် ငွေကြေးနှိမ်ချမှုတွေ မလှိမ့်တပတ်လုပ်ပြီး ကုန်ကျစရိတ်လျော့ချမှုတွေ ပြုလုပ်ချင်တဲ့အတွက်သာ ဒီလို သမိုင်းဝင်သပိတ်ကြီးတွေ ပေါ်ပေါက်ခဲ့ရတာပါ။

ဒါဟာ နှစ်နဲ့ချီပြီးခံလာရပြီးနောက် မခံနိုင်တဲ့အဆုံး ပွင့်ထွက်လာကြတဲ့သဘောရယ်ပါ။

ရက် ၁၀၀ ပြည့်တော့မယ့် သရုပ်ဆောင်တွေရဲ့ Actors-Strike ခေါ် အနှိမ်ခံတိုက်ပွဲ ဘယ်တော့ပြီးမလဲ။ အောင်မြင်မှာလား။ ကျရှုံးမှာလား။

ဒါထက် ကမ္ဘာကျော်ဟောလီးဝုဒ်ရုပ်ရှင်သစ်တွေ ပိတ်ကားထက် ဘယ်တော့ မြင်‌တွေ့ရမလဲ။

ရုပ်ရှင်ချစ်ပရိသတ်တွေ မျှော်လင့်လို့နေကြပါပြီ။