ငှက်ဖျားရောဂါအကြောင်း တစေ့တစောင်း
■ ငှက်ဖျားပိုးစတင်တွေ့ရှိခြင်း
၁၈၈၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါဖြစ်စေသော ကပ်ပါးပိုးမွှားတစ်မျိုးဖြစ်သည့် Plasmodium ပလပ်စ်မိုဒီယမ်ကို လူးဝစ်စ်လာဗာရင်(Lawis Laveram)က စတင်တွေ့ရှိ ဖော်ထုတ်ခဲ့သည်။
Plasmodium ပလပ်စ်မိုဒီယမ်( ၅) မျိုးရှိသည့်အထဲ Falciparum ဖယ်လ်ဆီပါရမ် အမျိုးအစားကတော့ လူကို အသက်အန္တရာယ်ပေးနိုင်သည်။
မြန်မာနိုင်ငံတွင် ၎င်းပိုး(၅)မျိုးစလုံးရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေး၀န်ကြီးဌာန(MOH)မှ ဆရာ၀န်တစ်ဦးက CJ platform သို့ ပြောဆိုထားသည်။
■ ငှက်ဖျားရောဂါဆိုတာ ဘာလဲ?
ငှက်ဖျားရောဂါသည် Plasmodium spp ဟုခေါ်သော ကပ်ပါးကောင်ကြောင့် ဖြစ်ရသည့် ရောဂါတစ်မျိုးဖြစ်ပြီး ထိုရောဂါပိုးသယ်ဆောင်ထားသည့် အနောဖလီးစ်(Anopheles) ခြင်မ, ကိုက်ခံရခြင်းမှတစ်ဆင့်ငှက်ဖျားရောဂါဖြစ်ပွားခြင်းရဖြစ်သည်။
Plasmodium Parasite အုပ်စုများထဲမှ လူတွင်ဖြစ်တတ်သော ၅ မျိုးမှာ-
P.falciparum(ဖယ်လ်ဆီပါရမ်)
ဦးနှောက်ငှက်ဖျားရောဂါ အဓိကအဖြစ်အများဆုံးနှင့် လူကိုသေစေနိုင်သော ငှက်ဖျားပိုး။
P.vivax(ဗိုင်းဗတ်စ်)
အသည်းငှက်ဖျား/နာတာရှည်ငှက်ဖျား။
Non-Human Malaria Parasite
P.malariae(မလေးရီးယေး)
P.ovale(အိုးဗေးလ်)
P.knowlesi(နိုလီစီ) တို့ဖြစ်သည်။
သို့သော် P.malariae(မလေးရီးယေး)၊ P.ovale(အိုးဗေးလ်)နှင့် P.knowlesi(နိုလီစီ)ပိုးတို့သည် မြန်မာနိုင်ငံတွင် မဖြစ်ပေါ်သေးပေ။
■ လွဲမှားသည့်အမှတ်မှားမှုများ
ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုနှုန်းများသော ရောဂါဖြစ်သည်။
ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အယူအဆ အမှားများစွာတွေ့ရသည်။ ထို့ကြောင့်ပင် မလိုအပ်ဘဲ လူ့အသက်ဆုံးရှုံးစေရသည့် အခြေအနေများလည်းဖြစ်ပေါ်လျက်ရှိသည်။
■ စိမ့်စမ်းရေကြောင့် ငှက်ဖျားဖြစ်လား?
ငှက်ဖျားရောဂါသည် စိမ့်စမ်းရေသောက်၍ သို့မဟုတ် ချိုး၍ ဖြစ်သည်ဟူသော အယူအဆမှာ ယနေ့အချိန်အထိ လူတော်တော်များများ လက်ခံယုံကြည်ထားဆဲဖြစ်သည်။
လူတော်တော်များများ ငှက်ဖျားရောဂါဖြစ်တတ်သော ဒေသသို့ သွားမည်ဆိုလျှင် အနေအထိုင်အစားအသောက် ဆင်ခြင်ရန်နှင့် စိမ့်စမ်းရေ မသောက်သုံးရန်၊ စိမ့်စမ်းရေ မချိုးမိရန်ဟု မှာကြားလေ့ရှိကြသည်။
အချို့ဒေသမှ ပြန်လာကြပြီး ငှက်ဖျား စွဲကပ်လာသူ အချို့ကလည်း “ငှက်ဖျားက ဖြစ်မယ့်သာဖြစ်တာပါဗျာ။ ရေဆိုလည်း ရေသန့်ဘူးပဲ သောက်ခဲ့တာ။ အဲဒီမှာနေတဲ့ တစ်ပတ်လုံး ရေလုံးဝ မချိုးခဲ့ဘူး။ အဲဒီလောက် ဆင်ခြင်ပါရက်နဲ့ ငှက်ဖျားက ဖြစ်ရသေးတယ် ” စသည်ဖြင့် ထုတ်ဖော်ပြောဆိုတတ်ကြသည်။
အမှန်တကယ်တွင် စိမ့်စမ်းရေကြောင့် ငှက်ဖျားရောဂါမဖြစ်စေပေ။
စိမ့်စမ်းရေတွင် ခြင်ပေါက်ဖွားနိုင်သဖြင့် စိမ့်စမ်းရေရှိသည့်တောတောင်များတွင် ငှက်ဖျားပိုး ပိုမိုဖြစ်ပွားစေခြင်းသာဖြစ်သည်။
■ ငှက်ပျောသီးက ငှက်ဖျားဖြစ်စေသလား?
ထို့ပြင်ညငှက်ဖျားရောဂါနှင့်ပတ်သက်၍ နောက်ထပ်ကြီးမားစွာ လွဲမှားနေကြသည့် အယူအဆ အမှတ်မှားမှုတစ်ခု လူအတော်များများတွင် ရှိနေသေးသည်။
ယင်းမှာ ငှက်ဖျားရောဂါဖြစ်ခြင်းမှာ သီးနှံအချို့ စားသုံး၍ ဖြစ်သည်ဟူသော အယူအဆမျိုးဖြစ်သည်။ ဥပမာ- ငှက်ပျောသီးစား၍ ငှက်ဖျားဖြစ်သည်ဟု ယုံကြည်နေကြခြင်းဖြစ်သည်။
ငှက်ဖျားရောဂါသည် အစားအစာမှ ကူးစက်နိုင်ခြင်း မရှိပါ။
ငှက်ပျောသီးမှသာ မဟုတ်။ မည်သည့်အသီးအနှံ၊ မည်သည့်အစားအစာ စား၍မှလည်း ငှက်ဖျားဖြစ်မည် မဟုတ်ပါ။
အချို့ကျွမ်းကျင် ပညာရှင်များက ငှက်ပျောသီးတွင် ပါသော ဓာတ်တစ်မျိုးသည် ခန္ဓာကိုယ်တွင်းရှိပြီး(ဝင်ရောက်ပြီး)ငှက်ဖျားပိုးကို ပြန်လည်နိုးထစေနိုင်ကြောင်း ထုတ်ဖော်တင်ပြခဲ့ဖူးပါသည်။
■ ခြင်သာလျှင် အဓိက
လူအများသည် ငှက်ဖျားရောဂါမှာ ယင်းရောဂါပိုး သယ်ဆောင်လာသော ခြင်ကိုက်၍ ဖြစ်သည်ဆိုခြင်းကို သတိ မေ့နေတတ်ကြခြင်းသာဖြစ်သည်။
ငှက်ဖျားရောဂါမဖြစ်စေရန် ခြင်ကိုက်မခံရအောင် နေထိုင်ရန် အဓိကလိုအပ်သည်။
အဓိက ငှက်ဖျားပိုးသယ်ဆောင်သောခြင်များ(Anopheles)
-A.minimus
-A.dirus
-A.Sandicus
-A.annularis တို့ဖြစ်သည်။
ငှက်ဖျားရောဂါပိုးသယ်ဆောင်ထားသော အနောဖလီးခြင်မ(Female Anopheles mosquito)ကိုက်ခြင်းကြောင့် ရောဂါအဓိကဖြစ်ပွားရသည်။
သွေးသွင်းခြင်း၊ သွေးနှင့်ဆက်စပ်ပစ္စည်းများမျှဝေသုံးစွဲခြင်းနှင့် မိခင်မှ ရင်သွေးသို့ ကူးစက်တတ်ခြင်းကြောင့် Malaria Parasite ငှက်ဖျားရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရောဂါပိုးသယ်ဆောင်ထားသောခြင် တစ်ခါကိုက်ရုံဖြင့် ရောဂါကူးနိုင်သည်။ လူလူချင်း မကူးစက်နိုင်ပါ။
■ ငှက်ဖျားဖြစ်နိုင်ခြေအရှိဆုံးသူများနှင့် ရောဂါလက္ခဏာများ
ငှက်ဖျားရောဂါသည် သမပိုင်းဒေသများထက် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် အလွန်ပင်အဖြစ်များပြီး အသက်အရွယ်မရွေးလည်း ဖြစ်နိုင်သည်။
ငှက်ဖျားရောဂါလက္ခဏာများသည် ရောဂါပိုးဝင်ပြီး ၇ ရက်မှ ၁၈ ရက်အတွင်း ပေါ်နိုင်ပြီး အချို့သူများတွင် ရောဂါပေါ်ရန် ၁ နှစ်အထိကြာမြင့်နိုင်သည်။
ငှက်ဖျားရောဂါဖြစ်ပါက
– အဖျားကြီးခြင်း
– ချမ်းတုန်ခြင်း
– ချွေးအလွန်ထွက်ခြင်း
– အန်ခြင်း စသည့် လက္ခဏာများဖြစ်စေသည်။
အကိုက်ခံရသည့် ခြင်အမျိုးအစားပေါ်မူတည်၍ ၇၂ နာရီခြား၊ ၄၈ နာရီခြားတစ်ကြိမ်ပေါ်တတ်ပြီး ၆ နာရီမှ ၁၂ နာရီထိတိုင်အောင် ခံစားရတတ်သည်။
အခြားလက္ခဏာများအနေဖြင့် ကြွက်သားများနာကျင်ခြင်း၊ ဝမ်းလျှောခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း စသည်တို့လည်းခံစားရတတ်ပါသည်။
■ နောက်ဆက်တွဲ ပြဿနာများ
Anaemia- သွေးအားနည်းခြင်း၊ Cerebral malaria- ဦးနှောက်တွင်း ပိုးရောက်ခြင်း၊ အသည်းပျက်စီးခြင်းနှင့် အသားဝါခြင်း၊ Shock ရခြင်း၊ Pulmonary oedema (အဆုတ်တွင်းရေဝင်ခြင်း)၊ Acute respiratory distress syndrome (ARDS)၊ Hypoglycemia (သွေးတွင်း အချိုဓာတ်ကျခြင်း)၊ Kidney failure (ကျောက်ကပ်ပျက်စီးခြင်း)၊ Spleen (ဘေလုံးပျက်စီးခြင်း)၊ Dehydration (ရေဓာတ်ခန်းခြောက်ခြင်း)တို့ခံစားရစေတတ်သည်။
Malaria in pregnancy ကိုယ်ဝန်ဆောင်တွင် malaria ရောဂါဖြစ်ပွားပါက
– မွေးချိန်မတိုင်ဘဲစောစီးစွာမွေးခြင်း
– ကလေးပေါင်မပြည့်ခြင်း
– ကိုယ်ဝန်ပျက်ကျခြင်း
– အသေမွေးခြင်း
– မိခင်သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်သောကြောင့် စစ်ဆေးမှုများပြုလုပ်သင့်ပြီး သွေးစစ်ခြင်း၊ သွေးတွင်း malaria parasite ရှိမရှိစစ်ခြင်းတို့ဖြင့်ပိုး အမျိုးအစားကိုပါ ခွဲဲခြားသိနိုင်ပါသည်။
Rapid diagnosis test လျင်မြန်လွယ်ကူစွာစစ်သည့်နည်းဖြစ်သော ICT ဖြင့် စစ်ဆေးခြင်း၊ အခြားလိုအပ်ပါက ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ဖို့လည်း လိုအပ်ပါသည်။
ငှက်ဖျားပိုး ဦးနှောက်ထဲသို့ ရောက်သွားသောကြောင့် ကယောင်ကတမ်း ပြောဆိုခြင်း၊ အကြိမ်ကြိမ်တက်ခြင်း၊သတိလစ်ခြင်း စသည်တို့ ဖြစ်တတ်သည်။
■ ကလေးများတွင် မည်သို့ဖြစ်နည်း?
ကလေးငယ်များတွင် ငှက်ဖျားဖြစ်ကြောင်း သိရှိရန် မလွယ်ကူလှပါ။ ကလေးများတွင် လူကြီးငှက်ဖျားကဲ့သို့ ချမ်းတုန်တက်ခြင်း၊ အချိန်မှန်ဖျားခြင်း အစရှိသော ပုံမှန်လက္ခဏာများဖြင့် ပြသသော ရာခိုင်နှုန်းမှာ အလွန်နည်းလှသောကြောင့်ဖြစ်သည်။
ချမ်းတုန်တတ်တိုင်းလည်း ငှက်ဖျားရောဂါဟုသတ်မှတ်၍မရနိုင်သလို ဆီးလမ်းကြောင်း၌ ပိုးရှိခြင်း၊ သွေးဆိပ်တက်ခြင်း Sepsis စသည့် အခြားရောဂါတို့ကြောင့်လည်း ချမ်းတုန်တက်နိုင်ပါသည်။
ကလေးငှက်ဖျားသည် ရံဖန်ရံခါ အပြင်းဖျားခြင်း၊ ပဋိဇီဝဆေးများတိုက်သော်လည်း အဖျားမကျခြင်း စသော လက္ခဏာများဖြင့်သာ ပြသသောကြောင့် ငှက်ဖျားဟု မထင်တတ်ကြဘဲ လွန်ချိန်မှ သိရှိတတ်ခြင်းမျိုးလည်းရှိတတ်သည်။
သွေးစစ်ကြည့်လျှင်လည်း သွေးထဲ၌ ငှက်ဖျားပိုးသည် အမြဲရှိမနေတတ်သဖြင့် ငှက်ဖျားရောဂါဟု မထင်မှတ်ဘဲ ကုသမှုပေးရန် နောက်ကျတတ်သည်။
ငှက်ဖျားရောဂါပိုးသည် ကုသမှုကို စောင့်နေမည် မဟုတ်ပါ။ ထိုအခါတွင် ကလေးသည် မလိုအပ်သော ဆိုးကျိုးများကိုရရှိပြီး အသက်ဆုံးရှုံးသည်အထိ ဒုက္ခရောက်နိုင်ပါသည်။ သို့မဟုတ်ပါကလည်း ဦးနှောက်ထိခိုက်ပြီး ဒုက္ခိတဘဝဖြင့် ဘဝပျက်ရရှာတတ်ပါသည်။
အရေးအကြီးဆုံး အချက်မှာ ငှက်ဖျားရောဂါမှန်း အချိန်မီသိမှ ကုသနိုင်မည်ဖြစ်သည်။
ကလေးတစ်ယောက် အပြင်းဖျားလျှင် ရောဂါရာဇဝင်ကို မေးသောအခါ မည်သည့်ဒေသမှ လာသည်ကို မေးမိရန် အလွန်အရေးကြီးသည်။ ကလေးများအပြင်းဖျားပြီး ငှက်ဖျားထူထပ်သောဒေသမှ လာလျှင်သော်လည်းကောင်း၊ ထိုအရပ်သို့ ခရီးသွားခဲ့လျှင်သော်လည်းကောင်း ကလေးငှက်ဖျားဟု စဉ်းစားသင့်ပါသည်။
ငှက်ဖျားပိုးသွေးထဲ၌မတွေ့၍ ငှက်ဖျားကို မကုသခဲ့လျှင် ဆိုးကျိုးများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နိုင်သည်။ အပြင်းဖျားရာမှ ရုတ်တရက် သတိလစ်သွားလျှင်လည်း ငှက်ဖျားပိုး ဦးနှောက်ထဲများ ရောက်သွားလေသလားဟူ၍ စဉ်းစားသင့်သည်။
အကယ်၍ ငှက်ဖျားပိုး ဦးနှောက်ထဲသို့ ရောက်သဖြင့် အပြင်းဖျား၍ တက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း စသည်တို့ရှိနေ၍ အချိန်မီရောက်လာပြီး အမြန်ငှက်ဖျားဆေး ထိုးပေးလျှင် တုံ့ပြန်မှု အလွန်မြန်သည်။
ရိုးရိုးငှက်ဖျားပင်လျှင် ကလေးအတွက် အရေးကြီးသည်။ ရိုးရိုးငှက်ဖျားထက် လွန်ကဲသော ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ခြင်း၊ သွေးနီဥများ ပျက်စီးပြီး ဆီးအမည်းရောင် သွားခြင်း Black water fever ၊ သွေးအားအလွန်နည်းခြင်းနှင့် နှလုံးထိခိုက်ခြင်း၊ ငှက်ဖျားပိုးကြောင့် ဝမ်းပျက်ခြင်း Algid Malaria တို့ဖြစ်ခဲ့ပါက အလွန်စိုးရိမ်ရမည်မှာ ဆိုဖွယ်ရာ မရှိသောကြောင့် ငှက်ဖျားဟု သံသယရှိလျှင် ဆေးရုံဆေးခန်းများသို့ အလျင်အမြန် လူနာကို ခေါ်ဆောင်သွားသင့်သည်။
■ ငှက်ဖျားရောဂါပိုးကို ဘယ်လိုအကောင်းဆုံးကုသမလဲ?
ACT – 3 Day Artemisinin Based Combination Therapy
(အာတီမီစနင်း အခြေခံသော ၃ ရက်သောက် ငှက်ဖျားပျောက်ဆေး)
Complicated falciparum malaria နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်နေသော အမျိုးအစားဖြစ်ပါက သောက်ဆေးနှင့်သာမက ထိုးဆေး၊ ပိုးသတ်ဆေးများကိုပါ ဆရာ၀န်ကြီးများနှင့်တိုင်ပင်ပြီး ဆက်လက်ကုသရပါမည်။
ငှက်ဖျားရောဂါပိုးသည် ဆေး ၃ ရက်သောက်ရုံဖြင့် သက်သာပျောက်ကင်းနိုင်မည်မဟုတ်ကြောင်းနှင့် ငှက်ဖျားရောဂါပိုးသည် လူ့ခန္ဓာကိုယ်ထဲတွင် ၁ နှစ်နီးနီးရှင်သန်နေထိုင်နိုင်သည်။
မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါကုသရာတွင် အများဆုံး အသုံးပြုလျက်ရှိသော ငှက်ဖျားဆေးများမှာ ကလိုရိုကွင်း(Chloroquine)၊ အင်မိုဒိုင်ယာကွင်း (Amodiaquine)၊ပိုင်ရီမက် သမင်း(Pyrimethamine)၊ ဆာလဖာဒေါဆင်း(Sulfadoxine)နှင့် ကွီနိုင် (Quinine) ဆေးများဖြစ်သည်။
■ ငှက်ဖျားရောဂါကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ?
ငှက်ဖျားကိုကာကွယ်ရန် ဆေးအဖြစ် ကလိုရိုကွင်း(Chloroquine)ဆေးပြား ၃၀၀ မီလီဂရမ်ကို တစ်ပတ်လျှင် တစ်ကြိမ်တိုက်ကျွေးသော စနစ်ဖြင့် တိုက်ကျွေးကြသည်။
ငှက်ဖျားရောဂါကူးစက်သည့် ရာသီအတွင်းသာ စားသုံးရန်ဖြစ်ပြီး အဆိုပါဒေသသို့ မသွားမီ အနည်းဆုံး တစ်ရက် ကြိုတင်၍ စားသုံးသွားရန်လိုအပ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ငှက်ဖျားရောဂါဆိုင်ရာ ပါရဂူများ၏လေ့လာချက်အရ ငှက်ဖျားရောဂါကြိုတင်ကာ ကွယ်ဆေးပြားများကို လူအုပ်စုတစ်စုထံ ကြာရှည်စွာတိုက်ကျွေးထားခြင်းအားဖြင့် ဆေးဖိအား(Drugpressure)များလာပြီး ဖယ်လ်ဆီ ပါရမ် ငှက်ဖျားပိုးအားခံနိုင်စွမ်းရည် မြင့်တက်လာစေသောအကြောင်းတစ်ရပ်အဖြစ် ယူဆရသည်။
ထို့ပြင် သောက်သုံးသူများတွင် မလိုလားအပ်သော ဆေးအဆိပ်သင့်မှုများ၊ ဥပမာ-သွေးဖြူဥနည်းပါးစေမှု (Agranulocytosis)ကို ဖြစ်စေကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံတွင်လည်း ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ဆေးပြားများကို ငှက်ဖျားရောဂါကူးစက်သော ဒေသတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် စီးပွားရေးစီမံကိန်းများတွင် အလုပ်လုပ်နေကြသော၊ ငှက်ဖျားရောဂါ အန္တရာယ်ရှိသည့် ခံနိုင်ရည်မရှိသော လူကြီးများကိုသာ တိုက်ကျွေးသင့်ကြောင်း ညွှန်ကြားထားသည်။
ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနည်းပါးစေရန် အတွက် အဓိက အရေးကြီးသော အချက်မှာ စောစီးစွာ ရောဂါ ရှာဖွေပြီး ထိရောက်စွာကုသသော နည်းစနစ်ပင်ဖြစ်သည်။
ငှက်ဖျားရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန်လည် ခေါင်းထောင်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်ရောဂါကာကွယ်ရန်အတွက် ငှက်ဖျားရောဂါ ကာကွယ်သော ထိုးဆေး(Malariavaccine)ကို တီထွင်ကြံဆရန် အထူးစိတ်ဝင်စားလျက်ရှိသည်။
ကပ်ပါး ရောဂါများနှင့်ပတ်သက်၍ ကာကွယ်ထိုးဆေး အဖြစ် တစ်ကြိမ်တစ်ခါမျှ မပေါ်ဖူးသေးသောကြောင့် ငှက်ဖျားပိုးအမျိုးအစားများ ကွဲပြားမှုအတွက် ငှက်ဖျား ရောဂါ ကာကွယ်ထိုးဆေးထုတ်လုပ်မှုကို ခက်ခဲနေသေးသည့် အကြောင်းဖြေရှင်းချက်များထုတ်ပြန်ထားသည်။
သိပ္ပံပညာရှင်များသည် ငှက်ဖျားရောဂါပိုး၏ သံသရာ လည်ရာတွင် အဆင့်ဆင့်ရှိသည့်အနက် စပိုရိုဇွိုက်(Sporozoite)၊ မီရိုဇွိုက်(Merozoite)နှင့် ဂမီတိုဆိုက် (Gametocyte) အဆင့်များမှ ငှက်ဖျားရောဂါ ကာကွယ် ထိုးဆေးများကို ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
မျက်မှောက်ကာလတွင် အဓိကအာရုံစူးစိုက်နေသော သုတေသနလုပ်ငန်းမှာ ဒီအင်အေ(D.N.A)စနစ်ဖြင့် ထုတ်လုပ်နိုင်မည့် အင်တီဂျင်(Antigen)ကိုထုတ်လုပ်၍ ကာကွယ်ထိုးဆေးအဖြစ် အသုံးပြုရန်ဖြစ်သည်။
မီရိုဇွိုက်မှ အင်တီဂျင် ထုတ်လုပ်နိုင်ရန် အဓိကအရေးကြီးဆုံးဖြစ်ပြီး ဖယ်လ်ဆီပါရမ် ပိုးတစ်မျိုးတည်း၌ပင် ဗီဇ (Strain)ကွဲ ပြားခြားနားမှုများရှိနေသဖြင့် ထိုးဆေးထုတ်လုပ်ရန်အတွက် အဟန့်အတားတစ်ခုဖြစ်နေပြန်သည်။
မီရိုဇွိုက်မှထုတ်လုပ်သော ငှက်ဖျားရောဂါ ကာကွယ်ထိုးဆေးသည်သာလျှင် ငှက်ဖျားရောဂါမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိသော ဆေးဖြစ်သည်။
ဂမီတိုဆိုက်ထိုးဆေးမှာ ငှက်ဖျားရောဂါ စွဲကပ်ပြီးသော သူများအတွက် အကျိုးမရှိသေးပါ။ စပိုရိုဇွိုက်မှ ထုတ်လုပ်သော ငှက်ဖျားကာကွယ်ထိုးဆေးမှာ ရှေ့တန်းမှ ပြေးနေပြီး အထူးအာရုံ စိုက်နေကြသော ထိုးဆေးတစ်မျိုးဖြစ်နေသည်။
စပိုရိုဇွိုက် ထိုးဆေးဖြင့် လူသားများကိုထိုး၍ စမ်းသပ်သော သုတေသနလုပ်ငန်းများအရ အကျိုးရှိကြောင်း တွေ့ရှိရသော်လည်း ကာကွယ်မှုပေးနိုင်သော ကာလမှာ တိုတောင်းပြီး လူအုပ်စုအလိုက် ကာကွယ်ပေးရာတွင် အသုံးပြုရန်မသင့်သေးကြောင်း တွေ့ရှိရသည်။
ပိုမို ကောင်းမွန်၍ ထိရောက်စွာကာကွယ်မှုပေးနိုင်သော ထိုးဆေးများကို ဖော်ထုတ်ရန် ကမ္ဘာတစ်ဝန်းလုံး၌ သုတေသနဆက်လက် ပြုလုပ်နေကြဆဲဖြစ်သည်။
ကြိုတင်ကာကွယ်မှုအတွက် ငှက်ဖျားရောဂါပိုးသည် လူတစ်ဦးမှ တစ်ဦးသို့ သယ်ဆောင်ပေးသော ငှက်ဖျားခြင်မ၏ အကောင်ဘဝနှင့် လောက်လန်းဘဝတို့ကို ပျက်စီးသေကြေလျော့နည်းစေနိုင်သော နည်းအမျိုးမျိုးဖြင့် လည်းကောင်း၊ လူနှင့် ခြင် ထိတွေ့မှု တတ်နိုင်သမျှ နည်းအောင် ပြုလုပ်သော နည်းစနစ်ဖြင့်လည်းကောင်း၊ ငှက်ဖျားရောဂါပိုး သယ်ဆောင်သော လူနှင့် လူနာကို စောစီးစွာရှာဖွေ၍ ထိရောက်စွာ ဆေးကျွေးကုသသော နည်းစနစ်ဖြင့် လည်းကောင်း၊ ငှက်ဖျားရောဂါကူးစက်သော ရာသီတွင် ဒေသခံမဟုတ်သော လူများကို ငှက်ဖျားရောဂါ ကြိုတင် ကာကွယ်ဆေးတိုက်ကျွေးသော နည်းစနစ်ဖြင့် လည်းကောင်း ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို အထူးပြုလုပ်သင့်ပါသည်။
ကာကွယ်ခြင်းတွင် အဓိက ခြင်အကိုက်မခံရစေရန်ကာကွယ်ခြင်းသည် အရေးအပါဆုံးဖြစ်သည်။
ခြင်ထောင်ဖြင့်အိပ်ခြင်း၊ ခြင်ဆေးလိမ်းခြင်း၊ ခြင်ဆေးခွေထွန်းခြင်း၊ ခြင်လုံဇကာများတပ်ခြင်း၊ ခြင်ပေါက်ဖွားရာနေရာများကို သုတ်သင်ခြင်း၊ စနစ်တကျစစ်ဆေးထားသောသွေးသွင်းခြင်းတို့ကို ပြုလုပ်သင့်သည်။
Malaria ရောဂါပိုးရှိရာနေရာသို့ သွားရောက်မည်ဆိုပါက ကြိုတင်၍ ဆေးသောက်ခြင်းတို့ ပြုလုပ်ရပါမည်။
ငှက်ဖျားအဖြစ်များသော ဒေသများဖြစ်သည့် တောခြေ၊တောင်ခြေ စိမ့်ရေစမ်းရေပေါများသော အရပ်များတွင် ငှက်ဖျားပိုးကို သယ်ဆောင်သောခြင်များသည် ညစ်ပတ်သည့် ချောင်းမြောင်းများအတွင်း၌ ပေါက်ဖွားတတ်ကြပါသည်။
ခြင်ပေါက်ဖွားနှုန်းများလာလေ၊ ငှက်ဖျားပိုးကို သယ်ဆောင်နိုင်နှုန်းပို၍ များလာလေဖြစ်ပါသည်။ငှက်ဖျားပိုးကို သယ်ဆောင်သော ခြင်မကိုက်အောင် လုပ်ဆောင်ခြင်းသည် အဓိက သော့ချက်ပင်ဖြစ်သည်။
ထိုခြင်သည် ချောင်းပုပ်၊ မြောင်းပုပ်၊ သစ်ပင်ချုံနွယ် ထူထပ်သော အရပ်များတွင် ပေါက်ဖွားတတ်သဖြင့် ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ ချုံနွယ်များကို ခြင် မခိုအောင်းနိုင်စေရန် ရှင်းလင်းခြင်း စသည်တို့ကို ပြုလုပ်ရမည် ဖြစ်ပါသည်။
ညအိပ်လျှင် ခြင်ထောင် ထောင်၍ အိပ်ရန်လည်း အလွန်အရေးကြီးလှသည်။ ငှက်ဖျားထူထပ်သည့်အရပ်တွင် နေသူများသည်လည်း သောက်ဆေးအပါအဝင် ကာကွယ်ခြင်းနည်းမျိုးစုံကို ပြုလုပ်သင့်ကြောင်း စေတနာရှေ့ထား၍ CJ platform မှ အပတ်စဉ်တင်ဆက်ပေးနေသော ကျန်းမာရေးကဏ္ဍတွင် အပြည့်အစုံ တင်ပြတိုက်တွန်းလိုက်ရပါသည်။
ငှက်ဖျားရောဂါမှ ကင်းဝေးကြပါစေ။