စက်သုံးဆီဈေးကျသော်လည်း ဆိုင်များထုတ်မရောင်း၍ အသုံးပြုသူများအခက်တွေ့နေ

Author ကိုထက်
Categories
Published on Oct 07, 2023

ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းနေသော်လည်း ဆိုင်များက ထုတ်မရောင်း၍ အသုံးပြုသူများအခက်အခဲဖြစ်နေကြောင်း စက်သုံးဆီမဖြစ်မ‌နေသုံးစွဲသူများထံမှ သိရသည်။

ပြည်တွင်း၌ အဓိကသုံးစွဲသည့် အောက်တိန်း 92 နှင့် 95 ဆီများသည် ယမန်နေ့ အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းမှစတင်၍ ဝယ်မရဖြစ်နေပြီး ညပိုင်းမှသာ အနည်းငယ်ဝယ်ယူ၍ရကြောင်း သိရသည်။

“မနေ့ကနေ့လယ်ကတည်းက 92 ရော၊ 95 ရော ပြတ်နေတာ။ ဈေးကကျနေတော့ သူတို့က တက်ဈေးနဲ့ဝယ်ထားတာတွေကို အခုကျဈေးနဲ့ပြန်မရောင်းချင်လို့ထင်တယ်။ အရောင်းပိတ်ထားတဲ့သဘောပေါ့” ဟု သွားရောက်ဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။

လတ်တလော စက်သုံးဆီဈေးနှုန်းများသည်လည်း သုံးလအတွင်း အနိမ့်ဆုံးဈေးနှုန်းများအဖြစ်သို့ရောက်ရှိနေကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

“ဈေးကျတယ်ဆို ပေါရမှာလေ။ ခုက ဈေးကျမှပဲ ဆီကဝယ်မရဖြစ်နေတယ်။ ဆိုင်တွေက တမင်လုပ်တဲ့သဘောပဲ။ ကျွန်တော်တောင် မနေ့ညကမှ အသည်းအသန် 95 လေးရလို့ သွားထည့်ထားလိုက်ရတယ်။ ဒီနေ့မှသာဆို လုံးဝဝယ်မရတော့ဘူး” ဟု ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

နိုင်ငံခြားငွေကြေးဈေးနှုန်းများကျဆင်းနေခြင်းနှင့် ကမ္ဘာ့ရေနံစိမ်းဈေးကျဆင်းခြင်းတို့ကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိစက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၉၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၀၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၀၅ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၄၄၅ ကျပ် ဖြစ်ကြောင်း ရန်ကုန်မြို့တွင်းရှိစက်သုံးဆိုင်အရောင်းဆိုင်များထံမှ သိရသည်။