မက္ကဆီကိုတွင် ဘုရားကျောင်းပြိုကျမှုကြောင့် ၇ ဦးသေဆုံးပြီး ၄၉ ဦးကျော်ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on Oct 02, 2023

မက္ကဆီကိုနိုင်ငံ စီးဒတ် မတ်ဒရိုမြို့တွင် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်၌ ချတ်ချ်ဘုရားကျောင်းပြိုကျမှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့်အဆောက်အအုံအတွင်းရှိ လူ ၇ ဦး သေဆုံးခဲ့ပြီး ၄၉ ဦးမှာ ဆေးရုံသို့ပို့ဆောင်ထားရကာ ၂၀ ဦးကျော် အပျက်အစီးများကြားပိတ်မိနေကြောင်း BBC News တွင် ဖော်ပြသည်။

“ဆန်တာ ခရုစ်”ဟုအမည်ရသည့် ခရစ်ယာန်ဘုရားကျောင်း ပြိုကျချိန်၌ အဆောက်အအုံအတွင်း ခရစ်ယာန်ဘာသာဝင်များ ရေနှစ်မင်္ဂလာပြုလုပ်နေချိန်ဖြစ်ပြီး လူ ၁၀၀ ခန့် ရှိနေခဲ့သည်ဟု မက္ကဆီကို ပြည်တွင်းမီဒီယာများတွင် ဖော်ပြကြသည်။

ဒေသတွင်း ရဲများနှင့် အာဏာပိုင်များ၏ ပြောဆိုချက်အရ အဆောက်အအုံပြိုကျပျက်ဆီးရသည့်အကြောင်းအရင်းကို မသိရှိရသေးသော်လည်း ပြိုကျမှုကြောင့် ပိတ်မိနေသူများထဲတွင် ကလေးငယ်များပါ ပါဝင်နေသည်ဟု သိရသည်။

ခရစ်ယာန် အသင်းအုပ် ဘုန်းတော်ကြီးဖြစ်သူ ဂျို့စ် အာမန်ဒို အလ်ဗရဇ် ကန်နိုက ” ခက်ခဲတဲ့အချိန်တစ်ခုပါ။ ကယ်ဆယ်ဖို့ လူတွေ အားကြိုးမန်တက် လုပ်ဆောင်နေပြီး ဘုရားသခင်မှလည်း ကူညီကောင်းချီးပေးပါစေ” ဟု ဒေသမီဒီယာများသို့ ပြောကြားသည်။

အဆောက်အအုံအတွင်းရှိ အပျက်အစီးများကြား ပိတ်မိနေသူများ၏ အကူအညီတောင်းသံများကို ကြားနိုင်စေရန် ရဲများနှင့် ကူညီကယ်ဆယ်သူများက လာရောက်ကြည့်ရှုသူ လူထုကို အသံများတတ်နိုင်သမျှ လျှော့ချခိုင်းထားပြီး ပြိုကျမှုဖြစ်ဖြစ်ခြင်း အနီးရှိလူများမှာ မိမိတို့နေအိမ်ရှိ ပေါက်တူးများ၊ တူရွင်းများယူဆောင်လာပြီး ပိတ်မိနေသူများ ကယ်ဆယ်နိုင်ရေး အပူတပြင်းဆောင်ရွက်နေသည်ဟု သိရသည်။

Related News

Depend on news