ဒေသတွင်း အသား၊ ငါး လိုအပ်ချက်ကြောင့် ကုန်စျေးနှုန်း ကြီးမြင့်နေခြင်းဖြစ်ဟု စစ်ကောင်စီ ခေါင်းဆောင်ပြော

Author လင်းခိုင်
Categories
Published on Jun 13, 2023

ဒေသတွင်း အသား၊ ငါး လိုအပ်ချက်ကြောင့် ကုန်စျေးနှုန်း ကြီးမြင့်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန် ၁၂ ရက်တွင်ပြုလုပ်ခဲ့သည့် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကောင်စီ ခေါင်းဆောင်က ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိခြင်း နှင့် ပတ်သက်ပြီး ဒေသအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါး၊ ဥများ သည် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိသည်ကိုတွေ့ရကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စိုက်ပျိုးမြေများ လုံလောက်စွာရှိပြီး၊ မွေးမြူရေးအတွက် လိုအပ်သည့် တိရစ္ဆာန် အစားအစာများထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များ လုံလောက်စွာရှိသည်ဟု ဆိုသည်။

ထို့ပြင် ဒေသတွင်း အသား၊ ငါးလိုအပ်ချက်များရှိနေခြင်းကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းအလိုက် စားသောက်ရေးလိုအပ်ချက်ကို လုံလောက်စွာ ထုတ်လုပ်ပြီး ရောင်းအားနှင့် ဝယ်လိုအားမျှတမှုရှိစေရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြောကြားသည်။

“အရင်ခေတ်အဆက်ဆက် မြန်မာနိုင်ငံလောက် အသားငါးပေါတာ၊ အသားငါးပဲ၊ အခုကာလမှာ ဝင်ငွေထွက်ငွေမမျှလို့တောင် အသားငါး စားတဲ့နှုန်းကို လျှော့လိုက်ကြတာ၊ အသားငါးလိုအပ်ချက်ရှိနေလို့ ကုန်စျေးနှုန်းကြီးရတာဆိုတာ မင်းအောင်လှိုင်က ဘာတွေကြည့်ပြောနေတယ်မသိဘူး” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform သို့ပြောကြားသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း အဖွဲ့အစည်းများက စီးပွားရေး ကဏ္ဍထိခိုက် အောင်ဆောင်ရွက်ခြင်း နှင့် ပြည်ပမှလည်း အကြောင်းအမျိုးမျိုးပြ စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများဆောင်ရွက်သည့်အပြင် ကုန်သွယ်မှုနှင့်ပတ်သက်သည့်များကို ဆောင်ရွက်ရာတွင်လည်း ရရှိသည့်ငွေများကို ကန့်သတ်သည့်အတွက် နိုင်ငံခြားငွေများ အသုံးပြုရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်လာရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် မြန်မာနိုင်ငံ၌ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချဆောင်ရွက်ရာတွင် နည်းလမ်များရှိသော်လည်း လုပ်ဆောင်နိုင်မှုမရှိသေးကြောင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း၊ လောင်စာဆီစျေးနှုန်း ကြီးမြင့်ခြင်းနှင့် လုံခြုံရေး ကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ် ပိုမိုနေရခြင်းဖြစ်သည်ဟု လည်း ၎င်းက ဆိုထားသည်။

ဆက်လက်ပြီး စစ်ခေါင်းဆောင်က မိမိရည်မှန်းချက်သည် တိုင်းပြည်သာယာ၀ပြောရေးနှင့် စားရေးရိက္ခာပေါများရေး ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး ဖြစ်ကြောင်း၊ မိမိနိုင်ငံသည်စိုက်ပျိုးရေး၊ မွေးမြူရေး နိုင်ငံဖြစ်ပြီး သယံဇာတ နှင့် လူသားအရင်းအမြစ်များရှိသော်လည်း စားရေးရိက္ခာများ စျေးနှုန်းကြီးမြင့်ခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ပြောကြားထားသည်။

“ကျွန်မတို့ အညာမှာ စပါးရိတ်ပြီးရင် စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အခါ ဒီတိုင်းထားခဲ့ရတာ၊ အဲ့ဒါတွေကို သူတို့တွေက မီးရှို့တယ်။ မျိုးအတွက်တောင်မကျန်ဘူး ၊ အဲ့ကောင်(စစ်ကောင်စီခေါင်းစီ) ပါးစပ်က လျှာအရိုးမရှိတိုင်းပြောနေတာ၊ ပြည်သူကို စေတနာထားတဲ့သူတွေက အခုလို ယုတ်မာတာမျိုး ဘယ်သောအခါမှ မလုပ်ဘူး” ဟု ချေင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက CJ Platform သို့ပြောကြားသည်။