ကိုရီးယားရောက် မြန်မာနိုင်ငံသားများမှ NUG ပရောဂျက်များတွင် ၀မ်သန်း ၂၀၀၀ ခန့် ရင်းနှီးမြှုပ်နှံထား

Author လင်းခိုင်
Categories
Published on Jan 24, 2023

 

ကိုရီးယားရောက် မြန်မာနိုင်ငံသားများမှ NUG ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန၏၊ စီမံကိန်းနှင့် ပရောဂျက်များတွင် ၀မ်သန်း ၂၀၀၀ ခန့်ရင်းနှီးမြှုပ်နှံထားကြောင်း NUG တောင်ကိုရီးယား၊ ကိုယ်စားလှယ်ရုံး၏ အလုပ်သမားရေးရာဌာနမှ တာ၀န်ရှိသူက CJ Platform သို့ပြောကြားသည်။

“ငွေတိုက်စာချုပ်ကနေ ရရှိခဲ့တဲ့ ရံပုံငွေက အများဆုံးဖြစ်ပြီးတော့ ၀မ်သိန်းပေါင်း ၁၆၀၀၀ ကျော် အများဆုံး ရောင်းချထားပါတယ်။ လတ်တလောကာလပေါ့၊ စီမံ၊ဘဏ္ဍာ၀န်ကြီးဌာနက ရောင်းချနေတဲ့ ကွန်ဒို တိုက်ခန်းတွေ က ၀မ်သိန်းပေါင်း ၄၅၀ လောက်ထိတော့ ၀ယ်ယူထားတဲ့သူတွေရှိတယ်။ မင်းအောင်လှိုင်အိမ်ကို လေလံတင် ရောင်းချတာတွေရှိတယ်။ ပြီးတော့ခြောက်မိုင်ခွဲက စစ်တပ်ပိုင်မြေကွက်ကို လေလံတင်ရောင်းချတာရှိတယ်။ အဲ့ဒီကနေ တော်လှန်ရေးရံပုံငွေရရှိထားပါတယ်” ဟု အဆိုပါတာ၀န်ရှိသူက ပြောကြားသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေးတို့တွင်လည်း အိမ်ရာစီမံကိန်းများကို ရောင်းချရာတွင် ၀မ်သိန်း ၁၆၀၀ ခန့် ရောင်းချထားနိုင်ခဲ့ကြောင်း ယင်းကဆိုသည်။

“စတင်ရောင်းချတာကနေ အခုချိန်ထိ ငွေကြေး ပမာဏ စုစုပေါင်းက ၀မ် သန်း ၂၀၀၀၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁ဒသမ၆ သန်းလောက် ရရှိထားပြီးဖြစ်တယ်။ အဲ့ဒါက NUG ကိုယ်စားလှယ်ရုံး တောင်ကိုရီးယားက အေးဂျင့်အဖြစ် တာ၀န်ယူလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းတစ်ခုကနေပြီးတော့ ရရှိတဲ့ ပမာဏဖြစ်တယ်။ အခြားသော အသင်းအဖွဲ့တွေက ရှာဖွေပေးနေတဲ့ တော်လှန်ရေးရံပုံငွေတွေ ပါ၀င်ချင်းမရှိသေးဘူး”ဟု အဆိုပါ တာ၀န်ရှိသူက ဆက်လက်ရှင်းပြသည်။

NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးအနေဖြင့် နိုင်ငံခြားရေး၀န်ကြီးဌာန၏ လုပ်ငန်းတာ၀န်များကို အဓိကထားလုပ်ဆောင်နေခြင်းဖြစ်သော်လည်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနမှ လုပ်ဆောင်နေသည့် ဘွန်းရောင်းချခြင်း၊ စီမံကိန်းပရောဂျက်များကိုလည်း ပူးတွဲ တာ၀န်ယူ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ ကိုယ်စားလှယ်ရုံးအနေနဲ့ အဓိက လုပ်ငန်းတာ၀န်တွေရှိတယ်။ အထူးသဖြင့် နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ တာ၀န်တွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စီမံ၊ဘဏ္ဍာ၀န်ကြီးဌာနကနေ ပြီးတော့ ငွေတိုက်စာချုပ် ရောင်းချခြင်းအပါအ၀င် တော်လှန်ရေး ရံပုံငွေရှာဖွေရေး ပရောဂျက်တွေကို လုပ်ဆောင်တဲ့အခါ ကိုယ်စားလှယ်ရုံးက အေးဂျင့်တစ်ခုအနေနဲ့ တာ၀န်တွေကို ပူးတွဲ လုပ်ဆောင်ပါတယ်” ဟု တာ၀န်ရှိသူက ရှင်းပြသည်။

NUG၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် အခန်းပေါင်း ၇၇၀ ပါ၀င်သည့် ရဲရင့်နွေဦး ကွန်ဒိုစီမံကိန်းသည် စတင်ရောင်းချသည့် နာရီပိုင်းအတွင်း အားလုံး ရောင်းကုန်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းရောင်းချငွေမှ အမေရိကန်ဒေါ်လာ ၈ သန်းရရှိမည်ဖြစ်ပြီး၊ ၀ယ်ယူသူများအနေဖြင့် ပထမအရစ် ၄၀ ရာခိုင်နှုန်းပေးသွင်းကာ၊ သုံးလအရစ်ကျစနစ်ဖြင့် ငွေပေးသွင်းရမည် ဖြစ်သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်ထွန်းက ဇန်နဝါရီ ၁၅ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း Bond ရောင်းရငွေ၊ စီမံကိန်းများမှ ရရှိငွေသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ပြီဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

ပုံစာညွှန်း- ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ အာဏာသိမ်း စစ်တပ်အား အလိုမရှိကြောင်း ဆန္ဒပြနေပုံ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ကိုရီးယားနိုင်ငံ