အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်ကို ကျူးကျော်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီလုပ်ရပ်များကို ခွင့်မပြုရန် NUG မေတ္တာရပ်ခံ

Author လင်းခိုင်
Categories
Published on Jan 17, 2023

 

အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်ကို ကျူးကျော်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီလုပ်ရပ်များကို ခွင့်မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဗစ်တိုးရီးယား စခန်းကို ဂျက်တိုက်လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်၊ အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရ သေကြေခဲ့ရပြီး၊ လူနေအိမ်သုံးလုံးနှင့် ဒေသန္တရဆေးကုသဆောင် တစ်ဆောင်အပါအဝင် အခြေခံအဆောက်အအုံးများ ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏ လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်အသုံးချမှု ဖြစ်ပေါ် ခဲ့ကြောင်း၊ အခြားသော မြေပြင်သတင်းများအရလည်း စစ်ကောင်စီ၏ ဗုံးကြဲမှုများသည် အိန္ဒိယပိုင်နက် အတွင်းသို့ပင် ကျရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကို ကျူးကျော်အသုံးပြုပြီး ရမ်းကား တိုက်ခိုက်မှုများ ကျူးလွန်ခြင်းသည် ပထမအကြိမ်မဟုတ်ဘဲ အခြားသော အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ လေပိုင်နက်များကိုလည်း ကျူးကျော် အသုံးပြုခဲ့သည့် အစဉ်အလာများ တွေ့ရှိခဲ့ပြီး ဖြစ်သည်ဟု NUG ကဆိုသည်။

ထို့ကြောင့် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်များ ဘေးကင်းလုံခြုံရေးကို ရှေးရှု့ပြီး အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့ လေပိုင်နက်များကို အသုံးပြုပြီး မြန်မာပြည်သူများကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ခွင့်မပြုရန် NUG က မေတ္တာရပ်ခံထားသည်။

အထက်ပါ တောင်းဆိုမှုသည် အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်းများအား ဆန့်ကျင်ရှုံ့ချထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်-၂၆၆၉ အရဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ချက်ချင်း ရပ်တန့်ရန် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန် အချက်များပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #လေပိုင်နက်