စစ်ကောင်စီ၏ ရွေးကောက်ပွဲကို KIO,KNU,KNPP,PSLF တို့က လက်မခံကြောင်း ရပ်တည်ထားပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်များမှလည်း ဆန့်ကျင်ရန် SIF တိုက်တွန်း

Author မွန်လေး
Categories
Published on Jan 16, 2023

 

စစ်ကောင်စီ၏ တရားခံရွေးပွဲ( ရွေးကောက်ပွဲ) ကို KIO,KNU,KNPP,PSLF တို့က လက်မခံကြောင်း ရပ်တည်ထားပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်များမှလည်း ဆန့်ကျင်ရန် မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု( Strategic Invative Fourm-SIF) က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရွေးကောက်မှု မဟုတ်ခြင်းနှင့် စစ်အုပ်စုက ကျူးလွန်ခဲ့သည့် ကျူးလွန်နေသည့် ဆက်လက် ကျူးလွန်နိုင်မည့် ရာဇ၀တ်မှုပြုလုပ်နိုင်ခွင့်အာဏာ အပ်နှင်းခြင်းဖြစ်ပြီး အားလုံးတန်းတူမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပေါ်ပေါက် စေမည်မဟုတ် ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံခြင်းသည် ပြည်သူများ၏ ပေးဆပ်မှုများဖြင့် ပေါ်ပေါက်လာသည့် ပြည်သူ့တော်လှန်ရေးရည်မှန်းချက်များကို ဥပေက္ခာပြုခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်ကောင်စီက အကာအကွယ်ယူနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို သက်ဆိုးရှည်စေပြီး စစ်အာဏာရှင်စနစ်ကို ပိုမို ခိုင်မြဲသွားစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံဖို့ ထုတ်ပြန်တာဖြစ်ပါတယ်။ တပြိုင်နက်ထဲမှာ သဘောထားတိတိကျကျ မထုတ်ပြန်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ထုတ်ပြန်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်” ဟု SIF အဖွဲ့၀င် ဦးအောင်မိုးဇော်က CJ Platform သို့ ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများဖြစ်သည့် KIO,KNU,KNPP,PSLF တို့သည် စစ်ကောင်စီ၏ တရားခံရွေးပွဲကို လက်မခံကြောင်းရှင်းလင်းစွာ ရပ်တည်ထားပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ အနေဖြင့်လည်း တရားခံရွေးပွဲအား ဆန့်ကျင်တိုက်ဖျက်ရန် SIF က တိုက်တွန်းထားသည်။

“ဒီရွေးကောက်ပွဲကို လုပ်ရင် ကျွန်တော်တို့ တိုင်းပြည်မှာ သွေးထက်သံယိုတွေပိုမိုများပြားလာနိုင်တယ်။ အဓိက အချို့ချို့သောနိုင်ငံတွေက လက်ခံမလားဆိုပြီးလုပ်လာတာဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအင်အားစုအားလုံး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအ၀င် ဒီရွေးကောက်ပွဲကို လက်မခံဖို့ ကျွန်တော်တို့ အနေနဲ့တိုက်တွန်းချင်ပါတယ်” ဟု ဦးအောင်မိုးဇော်က ပြောကြားသည်။

နိုင်ငံရေးပါတီများ၊ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ တရားခံရွေးချယ်ပွဲကို နည်းမျိုးစုံဖြင့် ငြင်းပယ်ရန်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရများနှင့် အဖွဲ့အစည်းအသီးသီးအနေဖြင့်လည်း ကန့်ကွက်ရှုံ့ချရန် SIF က ပန်ကြားထားသည်။

ပြည်သူ့တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးအတွက် တော်လှန်ရေးအင်အားစုအသီးသီး၊ နိုင်ငံရေးအင်အားစု အသီးသီးနှင့် လူမျိုးစုံပြည်သူများ စုစည်းညီညွတ်မှုဖြင့်သာ အရယူနိုင်မည်ဟု ယုံကြည်သဖြင့် စစ်ကောင်စီ၏ တရားခံရွေးပွဲကို ဆန့်ကျင်တိုက်ဖျက်ပြီး တော်လှန်ရေးရည်မှန်းချက်အားရှေးရှု့ကာ ဆက်လက်ချီတက်ရန် SIF က ထုတ်ပြန်ထားသည်။

မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု(Strategic Invative Fourm-SIF) သည် GSC , KNU, KNPP , WLB , DPNS နှင့်အမည် မဖော်လိုသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးပုဂ္ဂိုလ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရွေးကောက်ပွဲ #စစ်ကောင်စီ #တိုင်းရင်းသားလက်နက်ကိုင်