“ကြောက်တာလား..? ရင့်တာလား..? မခန့်တာလား..? ဗိုလ်မင်းအောင်လှိုင်”
အရှင်မြတ် ဂေါတမကို တောင် ဘွဲ့ပေးလို့ရရင် ပေးမယ့်ပုံ ရှိတဲ့ စစ်ကောင်စီ ဥက္ကဌကတော့ ဒီနှစ်သစ်မှာလည်း သူ စိတ်ထဲ ပေးချင်ပုံပေါ်တဲ့ သူတွေကို ဘွဲ့ထူး ဂုဏ်ထူးတွေ ပေးပြန် နေပါတယ်။ ခေတ်သစ် မြန်မာနိုင်ငံရဲ့ အာဏာရှင် ခေါင်းကိုင်ဖခင်ကြီး ဦးနေ၀င်းကိုလည်း ဆုတွေပေး၊ ဦးနေ၀င်း အာဏာရှင် ဖြစ်စေမယ့် လမ်းပေါ် တင်မိရက်သား ဖြစ်အောင် လုပ်ခဲ့တဲ့ ကွယ်လွန်ပြီးခဲ့တဲ့ နိုင်ငံရေး သမား လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင်တွေကိုလည်း ပေးလို့ရယ်ပါ။
ဒါပေမယ့် စစ်ကောင်စီ ခေါင်းဆောင် ဆုထူး ဘွဲ့ထူး မပေးခဲ့သူ တွေထဲ စဉ်းစားစရာတွေ အများကြီး ရှိနေတာကိုတော့ တွေ့ရပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်ဟာ သူ့ရဲ့ ရှေ့က စီနီယာ စစ်အာဏာရှင်ကြီး ဦးသန်းရွှေကိုတော့ လုံးဝကို ဘာဆုထူးမှ မပေးတာကို သတိထားမိကြမယ်နဲ့ တူပါတယ်။
ဗိုလ်မင်းအောင်လှိုင် ဘာလို့များ ဦးသန်းရွှေကို ဆုတွေ မပေးတာပါလဲ။
ဗိုလ်မင်းအောင်လှိုင် အခု နောက်ဆုံး ဆုထူးတွေ ပေးတဲ့ အကြောင်းအရင်းကို နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက အခုလိုပဲ ဆိုပါတယ်။
“ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရာတွင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှ ယနေ့အထိ အသက်ခန္ဓာနှင့် သွေးချွေးများကို ပေးဆပ်ပြီး ထူးကဲစွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကဏ္ဍများတွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့် မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် လူမျိုးအတွက် သိပ္ပံပညာ၊ ၀ိဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီး စွမ်းဆောင် နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ၊ နိုင်ငံတော် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး တို့တွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ိရိယနှင့် ကြိုးပမ်းထမ်းဆောင် ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ မင်္ဂလာရှိပြီး ထူးခြားလေးနက်သည့် အခါသမယတွင် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို ဂုဏ်ပြု ချီးမြှင့် အပ်နှင်းသွားမည် ဖြစ်ပါကြောင်း” လို့ ဖော်ပြထားပါတယ်။
ဒီ စာသားတွေက ဘယ်သူတွေကို ရည်ညွှန်းပြီး ဒီလိုမျိုး တိတိကျ ရေးသားဖော်ပြထားရတာပါလဲ။
စိတ်ဝင်စားဖွယ်ရာ အချက်တစ်ခုကို ဖော်ပြပေးပါမယ်။ ဗိုလ်မင်းအောင်လှိုင်ဟာ သူအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော် အဆင့်ပွဲတွေမှာ နောက်ခံ ပန်ချီးကားတွေက တစ်စုံ တစ်ရာကို ဖော်ပြနေပါတယ်။
ရဲဘော်သုံးကျိပ်က အစပြုခဲ့တဲ့ ဗမာ့ တပ်မတော်မှာ( သမိုင်းကို ရေးမှာ ဖြစ်လို့ တပ်မတော်လုံး သုံးထားပါတယ်) ကာကွယ်ရေးဦးစီးချုပ် တွေ အများကြီး ပေါ်ထွန်းခဲ့ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းလိုမျိုး ထက်မြက်တဲ့ တိုင်းရင်းသား ကကချုပ် အပါအ၀င် NLD နာယကကြီး သူရ ဦးတင်ဦး လိုမျိုး သမာသမတ် ကျတဲ့ တပ်မတော် ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။
အာဏာရှင် ဗိုလ်နေ၀င်း ပင်လျင် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနဲ့ ဖဆပလ ခေတ်တစ်လျှောက်မှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပြီးနောက် သြဇာအကြီးဆုံး၊ စစ်ရေး ခေါင်းဆောင် ဖြစ်ခဲ့တာက ငြင်းမရတဲ့ သမိုင်း တစ်ခု ဖြစ်နေခဲ့ပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကို ကျေးလက်နေပြည်သူလူထု အများစုက ထောက်ခံ တယ်ဆိုတာကို သက်ကြီး ထင်ရှား ရှိနေသေးတဲ့ မြန်မာ့ ပထမ စစ်အာဏာသိမ်းမှု ကာလကို သိမှီခဲ့တဲ့ အသက် ရှစ်ဆယ်ကျော် သက်တော်ရှည် လူကြီးတွေကို မေးကြည့်ရင် သိနိုင်ပါတယ်။
ဒီ အချက်တွေက မြန်မာစစ်တပ် အသိုင်းအ၀ိုင်းမှာ အရိုးစွဲနေခဲ့တဲ့ အကြောင်းအရာတွေပါပဲ။ ရှေ့ကို ပြန်ကောက်ရရင် ဗိုလ်မင်းအောင်လှိုင်ဟာ သူ့လက်ထက်မှာ ကကချုပ် သုံးယောက်ရဲ့ ပုံတူ ပန်းချီကားတွေကိုပဲ ထားရှိပါတယ်။
နံပါတ် တစ် ဗမာ့တပ်မတော်ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
နံပါတ် နှစ် သူရဦးတင်ဦးက အစ ဗိုလ်သန်းရွှေ အဆုံး အဖေကြီး လို့ခေါ်ခဲ့ကြတဲ့ ဗိုလ်နေ၀င်း
နံပါတ် သုံး ၂၀၀၈ ခြေဥရဲ့ နောက်ကွယ်က လက်မည်းကြီး သို့မဟုတ် ပဲ့ကိုင်ရှင် ဗိုလ်သန်းရွှေတို့ သုံးဦးပါ။
နံပါတ်တစ် ဗိုလ်ချုပ်အောင်ဆန်း ကတော့ ခေတ်ပြိုင် နိုင်ငံရေး သမားတွေ အားလုံး နီးပါးက တစ်ညီတစ်ညွတ် တည်းကို သမာသမတ် ရှိသူ၊ သြဇာကြီးသူ၊ ပြတ်သားသူ စသည်ဖြင့် ကောင်းမွန်သည့် ဂုဏ်ပုဒ်များ ဖြင့် ချီးမွမ်းခြင်း ခံရသူ တစ်ဦး ဖြစ်ပါတယ်။
တကယ်တမ်း သမိုင်း စာမျက်နှာ တွင်လည်း ဗိုလ်ချုပ်ဟာ သူယုံကြည်သည့် ကွန်မြူနစ်ဝါဒကို ဖော်ဆောင်မည့် BCP( ဗမာပြည်ကွန်မြူနစ်ပါတီ) ကိုပင် ဖဆပလမှ ထုတ်ပစ်ရန် ဆုံးဖြတ်ချက် ပြတ်သားနိုင်ခဲ့သူ တစ်ဦး အဖြစ် မြင်တွေ့ရပါတယ်။
ဆိုရှယ်လစ်ခေါင်းဆောင်များကလည်း ယုံကြည်အားကိုးကြောင်း ဦးကျော်ငြိမ်းတို့ရေးသည့် စာများက သက်သေပြနေခဲ့ပါတယ်။
ပြည်သူလူထုကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်များကို ယနေ့ထိ တိုင် လိုက်နာနိုင်ရန် ကြိုးစားနေကြစဲ ဖြစ်သည်ထိ ထောက်ခံကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါတယ်။
အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ မကျဆုံးခဲ့လျင် BCP လက်နက် တော်လှန်ခြင်း လမ်းစဉ်ကို ရွေးမည် မရွေးမည်၊ ရွေးခဲ့လျင်တောင် တပ်မတော် မှ တပ်ရင်းများ ပူးပေါင်းသည် အထိ ဖြစ်လာမည် ဟုတ် မဟုတ် ဆိုသည်မှာကား တွေးစရာ ကြီးကြီးမားမား ဖြစ်နေဆဲပင်။
နံပါတ် နှစ် သည်ကာ အာဏာရှင်ကြီး ဗိုလ်နေ၀င်း သို့မဟုတ် ဗမာ့တပ်မတော် အပေါ် သြဇာ အလွှမ်းနိုင်ခဲ့ဆုံးသူ ဖြစ်ပါတယ်။
ဗိုလ်နေ၀င်းဟာ ကွန်မြူနစ် တွေရဲ့ တော်လှန်မှု၊ ကရင် အမျိုးသားတွေ ရဲ့ တော်လှန်မှုတွေကို ဖဆပလ အစိုးရ ကိုယ်စား နှိမ်နင်းရင်း ဗမာ့တပ်မတော်ရဲ့ ခြွင်းချက်မရှိ သြဇာ အကြီးဆုံး ခေါင်းဆောင် ဖြစ်လာသူပါ။
ချန်ကေရှိတ်ရဲ့ တရုတ်ဖြူ ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့မှုကလည်း ဗိုလ်နေ၀င်းရဲ့ သြဇာကြီးမားလာရခြင်း အကြောင်းအရင်း တစ်ခုပါပဲ။ ရှမ်းစော်ဘွားတွေကို အာဏာဖြုတ်ချရာမှာ ဒီအချက်က အဓိက ပါဝင်ခဲ့ပါတယ်။
ဒေသခံလူထုက အဲ့ဒီအချိန်မှာ ပြည်ပရန်က ကာကွယ်ပေးသူအဖြစ် ဗမာ့တပ်မတော်ကို လက်ခံလိုခြင်း သို့မဟုတ် ကြောက်ရွံ့နေဖွယ် ရှိခဲ့ပါတယ်။
ဒီလို သြဇာ ကြီးလာတဲ့ ဗိုလ်နေ၀င်းဟာ ဖဆပလရဲ့ ရေမြည့်ရှင်ကြီး အဖြစ် ထင်ရှားလှတဲ့ ဦးနုစီက အာဏာကို သိမ်းယူနိုင်ခဲ့ပါတယ်။ ဦးနု စီက အာဏာကို သိမ်းယူရာမှာ နှစ်ရှည်စီမံကိန်း နဲ့ လုပ်ခဲ့ဖွယ်ရှိတယ်လို့ သမိုင်းစာအုပ်တွေက ရည်ညွှန်းပါတယ်။
အာဏာသိမ်းပြီး တော်လှန်ရေး ကောင်စီ တက်လာမှုကို ဦးသိန်းဖေမြင့်တို့လို သဘောထားပျော့ပြောင်းတဲ့ လက်ဝဲ နိုင်ငံရေးသမားတွေက ထောက်ခံတာကို တွေ့ရပါတယ်။ ဦးနုရဲ့ရွေးကော်ပွဲ ကတိက၀တ် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ်ရေး ကိစ္စဟာ အဲ့ဒီအချိန်က ဗမာ့တပ်မတော်အတွင်း တပ်တွင်း ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဗိုလ်နေ၀င်းဟာ ယူဆခဲ့ပါတယ်။
ဒါ့အပြင် ဦးနုရဲ့ ထိုအချိန်က ဆိုရှယ်လစ် အားသန်သူတွေကို ဆန့်ကျင်ပြီး နိုင်ငံခြားသား ရင်းနှီးမြှပ်နှံသူတွေကို စီးပွားရေး လွတ်လပ်ခွင့်ပေးထားတာကလည်း တည်မြဲ အုပ်စုနဲ့ သူတို့ကို ထောက်ခံသူ ဗိုလ်နေ၀င်းအတွက် မျက်စိ စပါးမွှေးစူးစရာ အချက် ဖြစ်နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့ဟာ သူတို့မွေးတဲ့ မျောက်ကို သူတို့မနိုင်တော့ပါဘူး။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်လာပါတယ်။ စီးပွားရေး လွတ်လပ်ခွင့်တွေကို ဇွတ်တရွတ် ပိတ်ပင်လို့ တိုင်းပြည်စီးပွား ချွတ်ချုံကျပြီ့း ဆိုရှယ်လစ်စနစ် နာမည် ပျက်ခဲ့ရပါတယ်။
ဒါပေမယ့် မြန်မာစစ်တပ် အသိုင်းအ၀ိုင်းကတော့ ချမ်းသာလာပါတယ်။ မဆလ ခေတ် မှောင်ခိုဈေးကွက်မှာ အာဏာအရှိဆုံးက ဗမာ့တပ်မတော် အရာရှိတွေပဲ ဖြစ်ပါတယ်။ ဦးနေ၀င်းဟာ သူ့တစ်ကိုယ်တည်း အာဏာ ရူးတယ်လို့ ထင်စရာ ရှိပေမယ့် တကယ်တမ်းကတော့ အောက်ခြေက ခြစားပြီး တပ်မတော်ကို လှိုက်စားသွားခဲ့ပါတယ်။
ဒါပေမယ့် ဦးနေ၀င်းရဲ့ နိုင်ငံရေး ရွှေ့ကွက်တွေက ဗမာစစ်ဗိုလ်ချုပ်တွေရဲ့ အားကျစရာတွေ ဖြစ်နေခဲ့ပါတယ်။ အိမ်ဖြုတော်ကို သွားလည်တဲ့ ဗိုလ်နေ၀င်းဟာ စစ်ခေါင်းဆောင်တွေ သားရေကျစရာ သမိုင်းပါပဲ။
ဒါက ဒုတိယ ပန်းချီကားအတွက် တွေးစရာပါ။
တတိယ ပန်းချီကား ပိုင်ရှင် ဗိုလ်သန်းရွှေကတော့ ဗိုလ်မင်းအောင်လှိုင်ကို ရွဲ့တာလားလို့ ဒီကနေမေးပါရစေ။
ထူးချွန်ဆုတွေလည်း မပေးပဲ ဘာလို့ ဦးထိပ်ပန်နေတာလည်း။ ဒီအခြေအနေကို မြန်မာစစ်ဘက် အရာရှိ အသိုင်းအ၀ိုင်းက အခုလို အသံထွက်လာပါတယ်။
“ ဟိုက မင်း အာရုံ မနောက်နဲ့ လို့များ ပြောထားသလားပဲ။ ကာချုပ်က ဗိုလ်ချုပ်မှူးကြီးကို တကယ်ကို လေးစားပုံပါပဲ။” ဆိုပြီး ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတစ်ဦးက ပြောပြပါတယ်။
သူ ပြောသလို ကြောက်လို့ ဗိုလ်မင်းအောင်လှိုင်က ထူးချွန်ဆု မပေးတာဆို ဘာဖြစ်လို့ မြန်မာ့အလင်းမှာ ဆုပေးတာ ဘယ်လိုလူတွေကို ဆိုပြီး သေသေ ချာချာ ရေးပြနေရတာပါလဲ။
ဒီအတွက် တတိယ ပန်းချီကား ပိုင်ရှင်ကြီးရဲ့ ဘ၀ကို သရုပ်ဖော်ပြပါမယ်။
ဖက်ဆစ် ဂျပန်ကို တော်လှန် စဉ် မတိုင်ခင် ရဲဘော်သုံးကျိပ်ကာလကတည်းက ဗိုလ်အောင်ဆန်းရဲ့ အမိန့်ကို ဗိုလ်နေ၀င်းဟာ လိုက်နာခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာ မကျေနပ်တွေ ရှိတယ်လို့ သမိုင်း စာအုပ်အချို့ က ဆိုထားပေမယ့် ဗိုလ်နေ၀င်းဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဥပဒေအရ ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ပါဘူး။
၁၉၆၂ ခုနှစ် မတိုင်ခင် အထိလည်း ဦးနုရဲ့အမိန့်ကို ဖွဲ့စည်းပုံ အတိုင်း ဆိုပြီးသာ ဖီဆန်ခဲ့ဖူးတာပါ။ အာဏာသိမ်းချိန်မှာလည်း ဦးနေ၀င်းဟာ အရပ်သားခေါင်းဆောင် ဦးနုစီက အာဏာသိမ်းတာပါ။ စစ်ဘက်မှာ သူဟာ နံပါတ် တစ်ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။
တစ်သွေးတစ်သံ တစ်မိန့် ဆိုတာဟာ ဗိုလ်နေ၀င်း လက်ထက်မှာမှ မြင်လာရတယ်လို့ ဆိုရင် မမှားပါဘူး။ ဒီအတွက် ဗိုလ်နေ၀င်းဟာ အဖေကြီး ဘွဲ့ကို ခံယူလာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သူသာ တပ်မတော်ရဲ့ ခေါင်းကိုင် ဖခင် အ စစ် ပုံစံမျိုးလို့ ယူဆနိုင်ပါတယ်။
ဗိုလ်သန်းရွှေကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ သူဟာ ဗမာ့တပ်မတော် သမိုင်းမှာ ပထမဆုံးသော အထက်ကခေါင်းဆောင်ကို ဖြုတ်ချသူပါ။ တပ်တွင်း ပထမဆုံး ပုန်ကန် သူ ဖြစ်ပါတယ်။
ဗိုလ်စောမောင်ဟာ ဗိုလ်သန်းရွှေလက်ချက်နဲ့ သေရတယ်လို့ အများက မြင်ကြပါတယ်။ တိတိကျကျတော့ သက်သေပြနိုင်ခြင်းတော့ မတွေ့ရပါဘူး။ ဒါပေမယ့် ဗိုလ်စောမောင်ကို တပ်တွင်းပုန်ကန်ပြီး အာဏာသိမ်းတယ်လို့ပဲ ဗိုလ်သန်းရွှေက သူ့ကိုယ်သူ ရှုမြင်ပုံရပါတယ်။
ဒါကလည်း သူ့အတွက် အရိပ်မဲပါပဲ။ ဗိုလ်သန်းရွှေဟာ ဘယ်သူကိုမှ မယုံပါဘူး။ ဦးနေ၀င်းဟာလည်း လူမသိသူမသိ အသုဘ ချခဲ့ရပါတယ်။ နေ၀င်ချိန်တွေ ခမ်းနားအောင် ဗိုလ်သန်းရွှေက မလုပ်ပေးခဲ့ပါဘူး။
ဗိုလ်ခင်ညွန့်ကိုလည်း ဖယ်ထုတ်ပစ်ပါတယ်။ ဒါပေမယ့် ဗိုလ်သန်းရွှေက ၂၀၀၈ ခြေဥကို ဖန်တီးပြီးတပ်အသိုင်းအ၀ိုင်းရဲ့ လေးစားမှုကို ခံယူပြီး အနားယူပါတယ်။ ဦရဲထွဋ်လိုမျိုး သဘောထား ပွင့်လင်းမြင်သာသည်ဟူ ထင်ရသူမျိုးပင် ဗိုလ်သန်းရွှေကို ဒီမိုကရေစီ ပဲ့ကိုင်ရှင်သဖွယ် သဘောထားတာမျိုး သူ့ရဲ့ စာတွေထဲ ရေးတာ တွေ့ရပါတယ်။
ဒီလို မတူညီတဲ့ အမြင်တွေမှာ ဗိုလ်မင်းအောင်လှိုင်ကရော ဘယ်လိုမြင်နေမလဲ။
ဒီ အချက်မှာ ဆိုရင် ဗိုလ်မင်းအောင်လှိုင်ဟာ တပ်တွင်း ပုန်ကန်ပြီး အာဏာရလာသူ မဟုတ်ပါဘူး။ ဗိုလ်သန်းရွှေက သူ့လက်ထဲ စစ်တပ်ကို ထည့်ခဲ့တာပါ။ ဗမာစစ်တပ်မှာ တပ်တွင်းပုန်ကန်ပြီး အာဏာသိမ်းတာ ဗိုလ်သန်းရွှေပဲ ရှိခဲ့တာပါ။
ဗိုလ်မင်းအောင်လှိုင်ဟာ အာဏာသိမ်းတာတောင် အာဏာထိမ်း ဆိုပြီး ဖွဲ့စည်းပုံ အရဆိုကာ မလှိမ့်တစ်ပါတ် လုပ်တတ်သူပါ။
ဗိုလ်သန်းရွှေကတော့ တပ်တွင်း အစ ပထမ ပုန်ကန်သူ ဖြစ်ပေမယ့် သူ့တပ်ကိုတော့ သူ လက်နက် သေချာ ဆင်ပေးခဲ့ပါတယ်။ ဒီအတွက်လည်း နာမည်ကြီး ဂျာနယ်လစ်တွေက ၁၉၉၀ခုနှစ် နောက်ပိုင်း မြန်မာစစ်တပ်ဟာ မီးကျိုးမောင်းပျက် လက်နက်တွေကို ထားခဲ့နိုင်တယ်လို့ ရေးသားခဲ့ကြတာကို တွေ့ရပါတယ်။
တတိယ ပန်းချီကား ပိုင်ရှင် ဗိုလ်သန်းရွှေ ကို ဗိုလ်မင်းအောင်လှိုင် ကြောက်နေတယ်ဆိုတာ ဟုတ်ပါ့မလား။
ဗိုလ်စောမောင်တို့ ဦးကျော်ငြိမ်းတို့ ကိုတောင် ဆုတွေ ပေးခဲ့ပြီးမှ ဘာလို့ ဗိုလ်သန်းရွှေက ကျန်နေခဲ့ရတာပါလဲ။
မြန်မာ့အလင်းပါ စာသား အတိုင်းဆို ဘယ်နေရာမှ မထူးချွန်လို့များလား၊ ဒါမှ မဟုတ် တပ်တွင်း ပထမဆုံး ပုန်ကန်သူမို့ပဲလား။
ဒါကတော့ ဗိုလ်မင်းအောင်လှိုင်ပဲ သိမှာပါ။ ဒီ ဆောင်းပါးကို မြင်ရင်လည်း ဖြေပေးပါဦး။
ဗိုလ်မင်းအောင်လှိုင်ရေ ကြောက်တာလား ရင့်တာလား မခန့်တာလား………..။
သတင်းစာ ဆရာတစ်ဦးဖြစ်သူ ကိုဇင်သော်နိုင်ကတော့..
“မင်းအောင်လှိုင်က အခု ဆုတွေ လျှောက်ပေး နေတာ တခြား မဟုတ်ဘူး။ သူ့ဘက်က သစ္စာခံတဲ့ သူတွေကို စည်းရုံးရေး ဆင်းတဲ့ သဘောပဲ။ ဒီကောင်က ဘုရင်ရူး ရူးနေတာ ဆိုတော့ ရှေးခတ်က ဘုရင်တွေလို သူကောင်း ပြုတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါက အာဏာရှင်တိုင်း လုပ်ဖူးတဲ့ ဖော်မြူလာ ပါပဲ။ ဓားပြတိုက်ပြီး ဝေစုခွဲပေးတဲ့ သဘောပဲ။ ဟိုးအရင်က သေပြီးတဲ့ သူတွေ ပြန်ပေးတာ ကျတော့ အခု ဆုရတဲ့ သူတွေကို အဲဒီ လူတွေနဲ့ တန်းညှိတာ။ သူဆုပေးတဲ့ သူတွေက အဲဒီ လူတွေနဲ့ စွမ်းဆောင်မှု တူပါတယ်ပေါ့။ ပြီးတော့ သူ့ကိုယ်သူလည်း အဲဒီ လူတွေထက် ပိုပြီး ကြီးမြတ်တယ်လို့ ဂုဏ်တင်သလို ဖြစ်တယ်။ ဒါပေမယ့် သန်းရွှေတို့၊ သန်းစိန်တို့က အဲဒီ နှစ်မျိုးစလုံးမှာ အကျုံးမဝင်ဘူး။ သေပြီးရင်တော့ တန်းညှိတဲ့ သဘော ပေးရင် ပေးလိမ့်မယ်။ အသက် ရှင်နေတုန်းတော့ သူ့အဆင့်နဲ့ အဲ့လောက် မျက်နှာပြောင် မတိုက်ရဲလောက်ဘူး” လို့ သုံးသပ်ထားပါတယ်။