မိုင်းပေါက်ရှိ တရုတ်ကျာဖျန်လုပ်ငန်းတွင် ရောင်းစားခံရသည့် လူငယ် ၁၉ ဦးလွတ်မြောက်ရန် အကူအညီလိုအပ်နေ

Author ခေတ်နီ
Categories
Published on Dec 30, 2022

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့နယ်အတွင်း ကျာဖျန်လုပ်ငန်းဟု လူသိများသည့် တရုတ်လူလိမ်လုပ်ငန်းတွင် ရောင်းစားခံခဲ့ရသည့် လူငယ်၁၉ ဦးသည် လွတ်မြောက်ရန် အကူအညီများ လိုအပ်နေကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ လူငယ်များသည် လွန်ခဲ့သည့် အောက်တိုဘာလ အလယ်လောက်ကတည်းက ဝပြည်နယ်တွင် အလုပ်သွားရောက် လုပ်ကိုင်ရန် ချိတ်ဆက်ခဲ့သည့် ပွဲစားအမျိုးသမီး ဖြစ်သူ မဖြူဆိုသူမှ တရုတ်ယွမ်ငွေ ၁၇၀၀၀ (မြန်မာငွေ သိန်း ၆၀) ဖြင့် မိုင်းပေါက်မြို့ရှိ ကျာဖြန့်လုပ်ငန်းတွင် ရောင်းစားခဲ့တာပဲ ဖြစ်သည်။

ရောင်းစားခံရသည့် လူငယ်များသည် ပဲခူးနှင့် မန္တလေး ဒေသများအပြင့် ကျောက်မဲ ၊သီပေါ၊ သန်လျင်၊ အင်္ဂပူမြို့နယ်များမှ လူငယ်များပါ ပါဝင်နေပြီး အလုပ်လုပ်သည့် အစမ်းခန့်ကာလ အတွင်းတွင် လုပ်ကိုင်နေရင်း လုပ်ကိုင်လိုခြင်း မရှိတော့တာကြောင့် ပြန်ရန်ပြောဆိုချိန်မှသာ ပွဲစား၏ ရောင်းစားခြင်းခံခဲ့ရကြောင်း သိရခြင်း ဖြစ်သည်။

ယခု လူငယ်များ ရောင်းစားခံရတာကြောင့် အဆိုပါလူငယ်များ၏ မိသားစုများသည် လူကုန်ကူးမှု တားဆီးရေးအဖွဲ့များ အပါအဝင် သက်ဆိုင်ရာအဖွဲ့များထံ ဆက်သွယ်အကူအညီတောင်းခံခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ တရားဝင်တိုင်ကြားတယ် တစ်လကြာတဲ့ထိ ထူးခြားမလာဘူး အဲ့တော့ ကိုယ့်အဆက်အသွယ်နဲ့ပဲ ပရဟိတအဖွဲ့တွေ အကူအညီနဲ့ မိုင်းပေါက် ခိုင်ပါချိရုံးကိုတိုင်တယ် ရဲကလာခေါ်တယ် စခန်းရောက်လို့မေးမြန်းနေတုန်းက စကားပြောရတာ အဆင်ပြေနေသေးတယ် သူဌေးကလာပြီး လာဘ်ထိုးသွားတော့ အဆင်မပြေတော့ဘူး”ဟု ရောင်းစားခံရသည့် လူငယ်တစ်ဦး၏ မိသားစုဝင်က ဆိုသည်။

ထို့နောက် အဆိုပါလူငယ်များသည် ကျာဖြန့်အလုပ်ကို မလုပ်ချင်ကြောင်း ပြောသည့်အခါ အလုပ်ရှင်မှ ၎င်းတို့ယခင်ရှိသည့်နေရာမှ မိုင်းပေါက်မြို့နယ်ရုံးနားရှိ အဆောက်အအုံတစ်ခုသို့ ရွှေ့ပြောင်းခဲ့ပြီး အဆိုပါ လူလိမ်လုပ်ငန်းများကို ဝ ရဲတပ်ဖွဲ့မှ ဝင်ရောက် စစ်ဆေးမည်ဆိုသည့် သတင်းကြောင့်
မိုင်းပေါက်မြို့ အပြင်ဘက်မှာရှိသည့် သေနတ်ပစ်ကွင်းနားသို့ တတိယအကြိမ်အဖြစ် ညတွင်းချင်း ရွေ့ပြောင်းလိုက်ကြောင်းလဲ သိရသည်။

ထို့အပြင့် အဆိုပါ လူငယ်များ၏ ဖုန်းများအားလည်း တရုတ်သူဌေးများမှ သိမ်းဆည်းထားတာကြောင့် လုပ်ငန်းအတွင်းရှိ မိတ်ဆွေတချို့ထဲမှ တောင်းယူကာ မိသားစုနှင့် ဆက်သွယ်နေရကြောင်း ရောင်းစားခံရသည့် လူငယ်တစ်ဦး၏ အကိုဖြစ်သူမှ ပြောသည်။

“အခြေအနေကတော့ မကြားရတော့ဘူး အကို၊ ဖုန်းအဆက်အသွယ်က ကျွန်တော်က သွားလုပ်လို့မရဘဲ သူတို့ဆက်လာမှ ရတာပါ ၊ ဖုန်းကအသိမ်းခံထားရတော့ တခြားဝန်ထမ်းအုပ်စုဆီက ငှားပြီးဆက်တာပါ လေး ငါး ဆယ်ရက်တခါ သူတို့ဖုန်းဆက်မှ သိရတယ် လစ်ရင်လစ်သလိုပေါ့”ဟု ပြောသည်။

လက်ရှိအချိန်ထိ အဆိုပါလူငယ်များကို ရိုက်နှက်မှုများ လုပ်ဆောင်ခြင်းမရှိသေးပေမယ့် ၁၅ရက်ခန့် ထမင်းမစားပဲနေခဲ့ရကာ တနေ့လျင် နာရီ ၂၀ နီးပါးခန့်အထိ လူ လိမ်လည်ရသည့် အလုပ်ကို လုပ်ကိုင်နေကြောင်း သိရသည်။

ထို့အပြင် အဆိုပါလူငယ်များသည် လွတ်မြောက်ရန် အကူအညီများမရရှိခဲ့ပါက တရုတ်ပြည်တွင်းသို့ ပြန်လည်ရောင်းစားခံရခြင်းနှင့် အမျိုးသမီးများအား ပြည့်တန်ဆာလုပ်ငန်းများတွင် ရောင်းစားမည့် အန္တရာယ်များပါ ရှိနေကြောင်း သိရသည်။

တရုတ် လူမျိုးများ အဓိက ဦးဆောင် လုပ်ကိုင်နေသည့် ကျာဖျန် ကုမ္ပဏီများသည်” ဝ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့‌များတွင် အများအပြားရှိကာပွဲစား အေးဂျင့်များ၏ လိမ်လည် ခေါ်ဆောင် ရောင်းစားခဲ့မှုများကြောင့် ဝင်ရောက်လုပ်ကိုင်နေကြသည့် လူငယ်များသည်လည်း ငရဲခန်းတမျှ ဖိနှိပ် နှိပ်စက်မှုများကို ခံနေကြရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကျာဖျန် #ဝပြည် #လူကုန်ကူးမှု