စစ်အာဏာသိမ်းမှု၏ ဓားစာခံ ဖြစ်ခဲ့ရသည့် မြန်မာဘောလုံး အသင်း
သုဝဏ္ဏကွင်းမှာ နိုင်ငံပွဲတွေ ကန်တိုင်း မြန်မာ ပရိသတ်တွေက ဇာတိသွေး ဇာတိမာန် အပြည့် ကွင်းလုံးပြည့် လာအားပေးနေကြပါ။
ရှေးယခင် အောင်ဆန်းကွင်း ခေတ်ကတည်းက မြန်မာအသင်းရဲ့ အိမ်ကွင်းပွဲဆိုတာ ” ကမ္ဘာမကြေ မြန်မာပြည်” ဆိုတဲ့ နိုင်ငံတော် သီချင်း သံတွေ ဖုံးလွှမ်းပြီး ရှိနေခဲ့တဲ့ လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ ဖွားဖက်တော် အစဥ်အလာ တစ်ခုလို့တောင် ဆိုလို့ ရပါတယ်။
ပါလီမာန် ဒီမိုကရေစီ ခေတ်ကနေ ဆိုရှယ်လစ် ခေတ်ဦးပိုင်းလောက်ထိကို မြန်မာဘောလုံး အသင်းက အာရှမှာ လျှမ်းလျှမ်းတောက် ဖျက်မြင်း အသင်းတစ်သင်းဖြစ်ခဲ့တာကိုး။
အာရှ အိုလံပစ်ပြိုင်ပွဲတွေမှာလည်း ရွှေတွေယူပြ၊ မြူးနစ် အိုလံပစ်ပွဲတောင် ဝင်ပြိုင်ခဲ့ပါသေးတယ်။ ရွှေခေတ်ပေါ့။
ဒီလိုနဲ့ ဆိုရှယ်လစ် စနစ်ကလည်း အာဏာရှင်လုပ်ရက်ကြောင့် ပျက်ဆီး၊ နိုင်ငံကလည်း စီးပွားရေးတွေ ချွတ်ချုံကျကုန်ပြီး မြန်မာဘောလုံး အသင်းကလည်း အာရှအဆင့်ကနေ လျှေကျခဲ့ပါလေရော။
ဒါပေမယ့်လည်း မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ဝင်းအောင် တို့ရဲ့ ၁၉၉၀ ခုနှစ်ကျော် ကာလတွေက မြန်မာအသင်းကလည်း တစ်ချက်ထိ ကစားကွက်တွေနဲ့ အရှေ့တောင်အာရှမှာ ဂုဏ်မငယ်ခဲ့ရသေးပါဘူး။
အဲ့ဒီနောက် စိုးမြတ်မင်း၊ ရာဇာဝင်းသိန်း၊ ကျော်ကိုကို၊ ကြည်လင်း၊ အောင်သူ စတဲ့ ခေတ်အလိုက် မြန်မာအသင်းရဲ့ အကောင်းဆုံး ဆိုတဲ့ သူတွေက သူတို့ အသင်းကို တတ်နိုင်သလောက်တော့ ထမ်းပိုးခဲ့ကြတာပါပဲ။
ပတ်ဝန်းကျင် အသင်းတွေကပဲ ကောင်းလာတာလား သူတို့ကပဲ ညံ့ကုန်တာလားကတော့ မသိပါဘူး။ အရှေ့တောင် အာရှ အဆင့်မှာတောင် ဆယ်သင်းမှာ နံပါတ်ခြောက်လောက်ကို ရောက်လာရော။
မြန်မာအသင်းကို အားပေးရတာ ကောင်းလားလို့ သုံးဆယ်ကျော် လူငယ်တစ်ယောက်ကို မေးကြည့်ပါ။ ဘာဖြစ်လို့ဆိုရင် ဒီ သုံးဆယ်ကျော်သူတွေက သူတို့ ခေတ် တစ်လျှောက် မြန်မာနိုင်တယ် ဆိုတာ ကြားရဖို့ ခက်ခဲကြသူတွေ ဖြစ်လို့ပါ။
သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ပြရင်ကို ပျော်နေကြရတဲ့ သူတွေလေ။
U 20 အောင်သူတို့ အသင်း ကမ္ဘာ့ဖလား ဝင်ခွင့်ရတာကတော့ သူတို့အတွက် အကြီးမားဆုံး အောင်ပွဲပဲ။
ဒါပေမယ့် ဘယ်လောက်ရှုံးရှုံး မြန်မာအသင်းပွဲတွေက အိမ်ကွင်းဆို ပရိသတ်က အပြည့်ပါပဲ။
သုဝဏ္ဏကွင်းမှာ ဘောလုံးပွဲ ရှိပြီဆိုတာနဲ့ ရန်ကုန်မြို့က တာမွေ၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ မြို့နယ် လေးခု ငါးခုလောက်မှာတော့ ယာဥ်ကြောတွေ ပိတ်ကုန်တယ်လေ။
ပွဲ ကြီး ပွဲကောင်းများဆိုလို့ကတော့ ပို၍တောင် ဆိုးပါသေးတယ်။
ပရိသတ်ဆန့်တာက သုံးသောင်းလောက် ကွင်းထဲမှာက လေးငါးသောင်းလောက် ထင်ရပါတယ်။
ပရိသတ်က တကယ်ကို တိုးမပေါက်တဲ့ ရက်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။
ဆီးဂိမ်း အုပ်စုနောက်ဆုံးပွဲ အင်ဒိုနီးရှားကို ရှုံးပြီး ပြိုင်ပွဲက ထွက်ရတဲ့နေ့က ကွင်းထဲက ပရိသတ်တင် ဒေါသပေါက်ကွဲတာ မဟုတ်ခဲ့ပါဘူး။ လက်ဖက်ရည်ဆိုင်၊ ယမကာဆိုင်တွေမှာ ကြည့်နေတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေလည်း အော်ဟစ်ပေါက်ကွဲခဲ့ကြတာပါပဲ။ ခေတ်အဆက်ဆက် မြန်မာ ပရိသတ်တွေက တာဝန်ကျေတယ် ဆိုတာထက်ကို ပိုခဲ့ကြတာမျိုးပါ။
ပြည်ပနိုင်ငံတွေမှာ ပြိုင်တဲ့ ပွဲတွေ ဆိုလည်း တတ်နိုင်သမျှ သွားပြီး အားပေးကြတယ်။ ထိုင်းတို့ မလေးရှား တို့မှာ ကန်တဲ့ ပွဲတွေဆို မြန်မာပြည်သားတွေက လူကသာ ခိုးဝင် လုပ်သား ဖြစ်ချင် ဖြစ်နေမယ် မြန်မာ ဘောလုံးအသင်းဆိုတာနဲ့ ကွင်းထဲ ရောက်ဖို့ ဆိုင်းပြင်းနေတတ်ကြာလေ။
ပြီးရင် မြန်မာအသင်းရှုံးပြီး အိမ်ရှင်က နိုင်သွားရင် တော်သေးရဲ့။ မတော်လို့များ မြန်မာအသင်းများ နိုင်သွားလို့ကတော့ မြန်မာတွေ တိုင်းတစ်ပါးမှာ အနိုင်ကျင့်ခံရတာ များတာပဲ။
အဲ့ဒီလို အနိုင်ကျင့်ကြတဲ့ထဲ အာဏာပိုင်တွေတောင် ပါတတ်သေးတာမျိုး။ ဘယ်လိုပဲ အနိုင်ကျင့်ကျင့်ပါ။ မြန်မာတွေကတော့ သူများကွင်းသွားပြီး ကမ္ဘာမကြေ ဆို ပစ်လိုက်ကြတာပဲ။
သူတို့ကိုကြည့်ပြီး နိုင်ငံတွင်းက ပရိသတ်တွေက တီဗီထဲ ခြေစုံ ပစ်ဝင်ချင်စိတ်တွေ ဖြစ်လာကြစမြဲပဲ။
ရည်းစားကို ပစ်ပြီး မြန်မာပွဲ ထိုင်ကြည့်တဲ့သူ၊ အလုပ်ပြေး၊ ကျောင်းလစ်ပြီး မြန်မာပွဲ ကြည့်တဲ့သူတွေကလည်း မရေမတွက်ဘူးလေ။
အလုပ်တွေ ကျောင်းတွေကလည်း မြန်မာအသင်းကန်ပြီဆို အမျိုးသား အသင်း ဖြစ်ဖြစ် အမျိုးသမီး အသင်းဖြစ်ဖြစ် ကန်မယ့်ပွဲ ရှိတုန်း အချိန်တိုက်နေရင် ခပ်စောစော ဆင်းပေးလိုက်ကြတာပါပဲ။
ဆရာ၊ ဆရာမတွေ အလုပ်ရှင်တွေကလည်း မြန်မာ၊ ကျောင်းသား၊ ကျောင်းသူတွေ လုပ်သားပြည်သူတွေကလည်း မြန်မာပဲလေ။
အောင်သူဆိုတာ ဝတ်မှုံရွှေရည်ထက် ပိုပြီး လူချစ်လူခင်များတယ် ဆိုရင် လက်ခံကြမယ် ထင်တာပါပဲ။
ဒီလိုပါပဲ ဗဟာဒူးကြီး တို့က အစ မျိုးလှိုင်ဝင်း၊ စိုးမြတ်မင်း၊ ခေတ်အဆက်ဆက် လက်ရွေးစင်တွေက ပြည်သူ့ အသည်းကျော်လေးတွေ ဖြစ်ခဲ့ကြတာချည့်ပဲ။
ဒီနိုင်ငံမှာ နောက်ဆုံး တစ်ခေါက် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တာ ၂၀၁၉ ကပေါ့။ ကိုဗစ်တွေက မဖြစ်သေးဘူး။ ပြိုင်ပွဲက ကမ္ဘာ့ဖလား ခြေစစ်ပွဲလေ၊ ကန်ရမှာက အခု ပြိုင်ပွဲမှာ အာရှကျားကြီး ဖြစ်ပြခဲ့တဲ့ ဂျပန် အသင်းနဲ့ပါ။
ပွဲမကန်ခင် နာရီပိုင်းလောက် အလိုကတည်းက ကွင်းတွင်း ကွင်းပြင် ပရိသတ်က ပြည့်နေပြီ။ တစ်မြို့လုံးလည်း ယာဥ်ကြောတွေ ပိတ်လို့ပေါ့။
မြန်မာပွဲ ကြည့်ဖို့ အိမ်ပြန်ကြသူတွေလေ။ အချို့ကလည်း အိမ်က မခွာပဲကို ဘောလုံးပွဲ လာမယ့်အချိန် ထိုင်စောင့်နေခဲ့ကြတာပေါ့။
အဲ့ဒီနေ့ တစ်ရက်လုံး ပြောဖြစ်နေကြတာက ရှုံးတော့ ရှုံးမှာပဲ ဂိုး မပြတ်ဖို့ပဲ ဆိုတာမျိုး ဖြစ်နေမယ် ထင်တယ်။ ပြီးခဲ့တဲ့ လေးရက်ကမှ ကာဂျစ်စတန်ကို အနိုင်ယူပြထားတာဆိုတော့ မြန်မာပရိသတ်တွေ သူတို့ အသင်းကို အားတက်နေကြတဲ့ အချိန်လေ။
လက်ဖက်ရည်ဆိုင်တွေ ဘီယာဆိုင်တွေမှာလည်း ဘောလုံးပဲဲကြည့်မယ့် လူတွေ အပြည့်ပဲ။ မြို့တော်ခန်းမရှေ့မှာလည်း ပြသေးတယ်။ အဲ့ဒီဘက်မှာလည်း ပရိသတ်က ပရိုဂျက်တာနဲ့တောင် လျှံထွက်နေခဲ့တာ။
ရှုံးတာပါပဲ။ နှစ်ဂိုးထဲဆိုတော့ တော်သေးတယ်ပေါ့။ မြန်မာပရိသတ်တွေ အဲ့ဒီတုန်းက ဂျပန်ကို ရှုံးတဲ့ အချိန်ဖြစ်တဲ့ပုံက နေမာတို့ ဆမ်ဘာ ကနေတုန်း တောင်ကိုရီးယားသားတွေ ဖြစ်နေသလိုမျိုးနဲ့ ခပ်ဆင်ဆင်လေးပေါ့။ လက်ခံသင့်တဲ့ အရှုံးလေ။ နောက်ပွဲတွေ ရှိသေးတယ်ပေါ့။
ဒါပေမယ့် သူတို့ ကြိုမသိခဲ့ကြဘူး။ အဲ့ဒီပွဲ ပြီးရင် နောက်ထပ် သူတို့ ဒီလိုမျိုး အိမ်ကွင်းမှာ တစ်သားတည်း အားပေးနိုင်ဖို့ ဘယ်အချိန်မှ ပြန်ရတော့မယ် ဆိုတာကိုပေါ့။
ဒီနောက်ပိုင်း ကိုဗစ်တွေ ဖြစ်လာတယ်။ လူတွေက သုံးပေ ခွာကုန်တယ်။
ဘောလုံးပွဲတွေက ပရိသတ်မပါတော့ဘူး။ မြန်မာပရိသတ်တွေကလည်း သုဝဏ္ဏကွင်းက ပွဲတွေကို သတိရနေမိတယ်လေ။ ဘောလုံးကွင်းထဲ အမှတ်တရ ဓာတ်ပုံ သွားရိုက်ဖို့ကလည်း ကိုဗစ်စင်တာကြီး ဖြစ်နေရော။
ကိုဗစ်တွေ လျော့ပြီးတော့ အားလုံး သိတဲ့ အတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ဖြစ်လဲ စစ်ကောင်စီ ခေါင်းဆောင် တစ်ဖြစ်လဲ ဦးမင်းအောင်လှိုင် တစ်ဖြစ်လဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စစ်အာဏာသိမ်းလိုက်တာပေါ့။
တစ်နိုင်ငံလုံးကလည်း သပိတ်တွေ မှောက်လိုက်တာ မိုဘိုင်းလိဂျန့်လည်းပါတယ်၊ ဘောလုံးလည်းပါတယ်၊ စစ်ကောင်စီ လက်အောက်ခံ၊ စစ်ကောင်စီ ပတ်သတ် ဆိုတာနဲ့ ဝေးဝေးရှောင်ပဲ။
ပြည်သူ့ အသည်းကျော် အောင်သူ၊ ကျော်ကိုကို တို့လို စတား တွေကလည်း စစ်ကောင်စီ လက်ထက်မှာ လက်ရွေးစင် ကစားသမား အဖြစ် ရွေးချယ်တိုင်း ငြင်းပယ်ခဲ့ကြတယ်။
အသင်းခေါင်းဆောင် ဇော်မင်းထွန်းဆို လက်ရွေးစင်ဘဝက အနားပါ ယူသွားပြီ။ PES Mobile မှာ ပါတဲ့ မြန်မာ ကစားသမား တွေထဲ သူပါတယ်လေ။ ကျန်တာက အောင်သူ၊ မောင်မောင်လွက်၊ ဟိန်းပြည့်ဇော်၊ မျိုးမင်းလတ် တို့ လေးယောက်။ Rating နည်းပေမယ့် မြန်မာတွေကတော့ သူတို့ PES အကောင့်ထဲ သူတို့ လက်ရွေးစင် စတားတွေကို ခေါ်ယူထားတာမျိုး။ မောင်မောင်လွင် တောင် ပါသေးတယ် ထင်ပါတယ်လေ။ ကစားသူတွေ ပဲ သိမှာပါ။ ဒါကတော့။
ပြည်သူက သပိတ်မှောက် လို့လား ကိုယ်တိုင်ပဲ ခြေစွမ်း မကောင်းတာလား ခြေစွမ်းကောင်းသူတွေ အစုံအလင် မပါလို့လား၊ တစ်ဖက်ကပဲ ကောင်းလွန်းတာလား။ မြန်မာအသင်းကတော့ စံချိန်တင် ဂိုးပြတ်နဲ့တောင် ရှုံးပြလိုက်ပါသေးတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲတွေ ကြားထဲလည်း မြန်မာအသင်းပွဲက ရှိခဲ့သေးတယ်။ ထိုင်းအသင်းနဲ့ ခြေစမ်းတာလေ။ MFF Pages ရဲ့ Live မှာ ကြည့်ရှုနှုန်းက 3K ကျော်ကျော်လေး။ ပြောရရင် ရှုံးရှုံး နိုင်နိုင် ရှိတယ်လို့ကို သဘော မထားတော့ကြတာမျိုး။
အခုလည်း သုံးနှစ်ကြာပြီးမှ သုဝဏ္ဏကွင်းမှာ အိမ်ရှင်အဖြစ် ကန်ရတယ်။ ပြိုင်ပွဲကလည်း တိုက်ဂါးဖလား၊ ဆူဇူကီးဖလားတို့ရဲ့စပွန်ဆာ အမည်ပြောင်း အရှေ့တောင်အာရှရဲ့ အကြီးကျယ်ဆုံး အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုပွဲစဥ်။
ပြီးခဲ့တဲ့ တစ်ခေါက်ကမှ နိုင်ငံတော် သီချင်း ဆိုမဆို စောင့်ကြည့်ခဲ့ကြသေးတယ်။ အခုက ဘယ်သူကမှ မသိသလို ဖြစ်နေကြတာမျိုး။ တစ်ချို့ဆို ဖိတ်ခေါ်ဖလားလို့တောင် ထင်ကြတယ်။ ဗိုလ်ခင်ညွှန့်ရဲ့ ဂရန်းရွိုင်ရယ် ဖလားတွေ မျိုးပေါ့။
ဒီလောက် ပရိသတ်က ဥပေက္ခာတရား ပြတာမျိုး ဒီ ဘဒ္ဒကမ္ဘာမှာ ရှိပါ့မလား။ ရှာကြည့်ပါဦး။ မြန်မာ အသင်းက ဒီပွဲမှာလည်း မလေးရှားအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးတာပါပဲ။ ချေပဂိုးရဖို့ ပယ်နယ်တီကန်တာ နေမာ အထာနဲ့ ကန်လိုက်တာ ဂိုးမရပဲ ရှုံးပါလေရော့လား။
ဒီလို ရှုံးတာ အရင်ကလည်း ကြုံဖူးပါတယ်။ မြန်မာပရိသတ်က ဝါရင့်နေပြီ။ အခုက မတူညီဘူး။
မြန်မာအသင်းနဲ့ မြန်မာပရိသတ်တွေ ခွာပြဲပုံက ပရိသတ်တွေစီက ဟာသဆန်ဆန် တုံ့ပြန်မှုမျိုးပါ နည်းလာတာမျိုး။ ဖုတ်လေတဲ့ ငပိ ရှိတယ်ကို မထင်။ ကန်နေတဲ့ ဘောကြီး လုံးတယ် လို့ကို မထင်တဲ့ ပုံစံမျိုး ဖြစ်နေရော။
မြန်မာ ပရိသတ်တွေရဲ့ ရင်ထဲမှာ မြန်မာ ဘောလုံးအသင်း သေဆုံးသွားပြီလား။ မြန်မာ ပရိသတ်တွေ အသင်းအပေါ် ရင်ခုန်သံတွေ ပြန်အသက်သွင်းဖို့ ဘယ်နတ်ဘုရားထံ ဆုတောင်းရမလဲ။ ဆုတောင်းရင်ရော ကြားပါ့မလား။ ဖြစ်တန်ချေကရော။
အကယ်လို့ မောင်မောင်လွင် တို့ CDM လုပ်ရင်ရော စစ်ကောင်စီတို့က စစ်သားတွေ လက်ရွေးစင် မလုပ်ခိုင်းဘူးလို့ ပြောနိုင်ပါ့မလား။ အကယ်လို့ အောင်သူ တို့ ပြန်ကန်ရင်ရော မြန်မာအသင်းက နိုင်မှာလား။ ဒီအတိုင်းပဲကရော ဆက်ရှုံးနေမှာလား။ နိုင်သွားရင်ရော ပရိသတ်တွေရဲ့ ရင်ခုန်သံတွေ တစ်ဖန် နိုးထလာမှာလား။
မြန်မာအသင်းကတော့ ကန်နေတာပါပဲ။ အရင်လို တော့ မဟုတ်ဘူး။ အိမ်ကွင်းမှာ ကွင်းထဲ သရဲခြောက်နေတာ အံ့သြစရာကြီး။ ဘောလုံးပွဲချိန်နဲ့ ရုံးဆင်းချိန် တိုက်နေတာတောင် ယာဥ်ကြောက ပုံမှန်ထက်မပို။ ဆိုင်တွေမှာလည်း ပွဲကမပြ။ သြော် ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်မင်းအောင်လှိုင်။ တယ်လည်း ကျ ဖို့ ကောင်းတဲ့ သူပါလားနော်။