လာမယ့်ဇန်နဝါရီမှာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားဦးမယ့် ချဲလ်ဆီး

Author မောင်ရှမ်း
Categories
Published on Dec 15, 2022

ချဲလ်ဆီးအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ ဒေးလီးစတားသတင်းစာက ဖော်ပြလာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက ဆွေးနွေးမှုတွေဖြစ်လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

လက်ရှိမှာတော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာတော့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းထံသွားရောက်ကာ လေ့ကျင့်ခန်းဆင်းနေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဘရိုဂျာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိသွားခဲ့တာကြောင့် ယခုနှစ်ဘောလုံးရာသီအကုန်ထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အူဘာမီယန်းတစ်ယောက်တည်းသာကျန်တော့တဲ့ အထောင်တိုက်စစ်နေရာအတွက် ရော်နယ်ဒိုကို ပြန်လည်စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ သူဟာ ထိပ်တန်းအဆင့်မှာကစားနေနိုင်ဆဲဖြစ်တယ်လို့ ယုံကြည်ထားတာကြောင့် ဆော်ဒီကလပ်အသင်းရဲ့ မြင့်မားတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ချဲလ်ဆီးကစားသမားအဖြစ် ပရီးမီးယားလိဂ်ကိုပြန်လာပြီး သက်သေပြဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။